ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းကြောင့် ဒုက္ခရောက်ရသူတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၁.၅ သန်းဖိုး စားနပ်ရိက္ခာ အထောက်အပံ့တွေကို ကူညီတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက မနေ့က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မုန်တိုင်းတိုက်ခတ်ခဲ့ပြီး မကြာခင် ရက်ပိုင်းမှာပဲ အမေရိကန်ဘက်က ဒေါ်လာ ၃၀၀,၀၀၀ ဖိုး အကူအညီတွေ အရင်ပေးခဲ့ပါတယ်။
မုန်တိုင်းသင့် ပြည်သူတွေအတွက် အခုထပ်ပေးတဲ့ ငွေတွေက ကုလသမဂ္ဂကနေ တဆင့် စားနပ်ရိက္ခာတွေကို ပေးဖို့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (USAID) က လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ဒေသမှာ လူ ၂၀၀,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတုန်းပဲ ဖြစ်တယ်လို့လည်း မနေ့က ထုတ်ပြန်တဲ့ ရန်ကုန်က အမေရိကန်သံရုံးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း မြန်မာပြည်ကို ၀င်ရောက်ခဲ့တုန်းကလည်း အမေရိကန်က ဒေါ်လာ ၈၃ သန်းကျော်ဖိုး မြန်မာပြည်သူတွေကို ကူညီခဲ့ပါသေးတယ်။