ဂီရိမုန်တိုင်းဒဏ်သင့်တဲ့ ဒေသတွေမှာ လာမယ့် စိုက်ပျိုးရာသီအတွက် မျိုးစပါးတွေ လိုနေပြီး စိုက်ပျိုး လယ်ယာမြေတွေထဲကို ပင်လယ်ရေငန်တွေ မ၀င်အောင် ရေငန်တားတဲ့ တာဘောင်တွေ အရေးတကြီး လိုနေပါတယ်။ ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ပြီးတဲ့ နောက်ပိုင်းမှာ ကလေးတွေရဲ့ ပညာရေး၊ လူထုကျန်းမာရေး၊ စားဝတ်နေရေးတွေမှာလည်း အထွေထွေ အခက်အခဲတွေ ရှိနေတဲ့အကြောင်း မုန်တိုင်းဒဏ်သင့်တဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ မြေပုံမြို့နယ်ကို အကူအညီပေးဖို့ ရောက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်တွင်းက မြို့နယ်တွေမှာ မကြာမီ ရောက်ရှိလာမယ့် မိုးရာသီအတွင်း ပင်လယ်ရေငန်တွေ လယ်ယာမြေတွေထဲကို မ၀င်ရေးအတွက် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ပင်လယ်ရေငန်တား တာတမံတွေ အချိန်မီ တည်ဆောက် မပြီးနိုင်သေးဘဲ ရှိနေပါတယ်။ မုန်တိုင်းကြောင့် လယ်ယာမြေတွေ ပျက်စီးခဲ့ရသလို မျိုးစပါးတွေလည်း ရေစို ပျက်စီးခဲ့ရတဲ့အတွက် ရာသီဥတုဒဏ် ခံနိုင်တဲ့ ငစိန်စပါးမျိုးတွေ လိုအပ်နေတယ်လို့ မြေပုံမြို့နယ်မှာ အကူအညီပေးရေး ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“ရွာတွေက ရယက ဥက္ကဋ္ဌတွေမှာ အခြေအနေတွေ မေးမြန်းတယ်။ ပြန်လည်ပြီး ထူထောင်ဖို့ အများကြီး လိုအပ်နေသေးတဲ့ အနေအထား ရှိတယ်။ အဓိက ဘာပြောလာလဲဆိုတော့ ကာရီတွေ အခုချိန်ထိ ပြင်လက်စရှိတယ်။ ဒီကာရီတွေ ပြင်လက်စမှာ သူတို့က ပြန်လည်ထူထောင်ရေးအတွက် ဆိုပြီးတော့ လုပ်ခပေးတဲ့ စနစ်နဲ့ ရွာသားတွေကို ခိုင်းပြီးတော့ ကာရီကို ပြန်ပြင်နေတယ်လို့ အဲဒီ ရယက ဥက္ကဋ္ဌက ရွာသားတွေရှေ့မှာ ပြောပြတယ်။
“အဲဒီမှာ သူတို့လိုချင်တဲ့ လိုအပ်တဲ့ အခက်အခဲက အဓိက ဘာလဲလို့ မေးတဲ့အခါကျတော့ သူတို့မှာ မျိုးစပါး အခက်အခဲ ရှိပါတယ်တဲ့၊ မျိုးစပါး မရှိဘူး။ သူတို့မှာရှိတဲ့ လယ်တွေ အကုန်လုံးက မျိုးစပါးပါ လုံးဝ မကျန်တော့ဘူး။ အဲတော့ ကာရီကတော့ ဒီရာသီအမီ ပြီးနိုင်လိမ့်မယ်လို့ သူတို့ မျှော်လင့်တယ်။ ပြီးရင်တောင်မှ မျိုးစပါးအတွက် သူတို့မှာ အခက်အခဲရှိတယ်လို့ အကူအညီတောင်းတယ်။ မျိုးစပါးကလည်း ကျနော်တို့ မေးကြည့်ချက်အရတော့ အသင့်တော်ဆုံး မျိုးစပါးကတော့ ငစိန်မျိုးစပါးကို သူတို့ လိုတယ်ပေါ့။”
အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ ရှိနေပေမဲ့လည်း တကယ်တမ်း ထိထိရောက်ရောက် အကူအညီ မပေးနိုင်ဘူးလို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“ကွင်းကိုးကွင်းမှာရှိတဲ့ တာတမံတွေကို ဆရာတော်က ဦးဆောင်ပြီးတော့ ရွာသူရွာသားတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ နှစ်ပေါင်း ၃၀ ကျော်လောက် အခြေခိုင် တည်ပြီးတော့မှ လုပ်ခဲ့ရတဲ့ နေရာဗျ။ အဲဒီကာရီတွေက အကုန် ပျက်သွားတယ်။ အခုလက်ရှိ ကျနော်တို့ ရွာကိုရောက်တဲ့ အခါကျတော့ ရွာသူရွာသားတွေက သူတို့ဘာသာသူတို့ ကြိုးစားပြီး လုပ်နိုင်သလောက်တော့ လုပ်နေကြတယ်။ ဒါပေမဲ့ အကူအညီမရဘဲ ဘယ်လိုမှ မပြီးနိုင်တဲ့ ကာရီတွေရှိတော့ ဒီအခြေအနေအတိုင်း သွားရင်တော့ လာမယ့်နှစ် လယ်စိုက်ဖို့ အခက်အခဲ ရှိနေတဲ့ အခြေအနေမှာရှိတယ်။”
လယ်ယာမြေတွေ ပျက်စီးရတဲ့အထဲ နီးစပ်ရာ ကျွန်းတွေမှာလည်း စီးပွားရေး လုပ်ငန်းရှင်တွေက ၀ယ်ယူလိုက်တဲ့ အတွက်ကြောင့် ဒေသခံတွေ ၀င်ရောက် အလုပ်လုပ်ကိုင်ခွင့် မရှိတော့လို့ ဒေသခံတွေ မုန်တိုင်းဒဏ်က ပြန်လည်ထူထောင်ရေးအတွက် ၀င်ငွေမရှိ ဖြစ်နေကြပါတယ်။ လက်ရှိမှာတော့ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပြီး ဒေသခံတွေမှာ သားသမီးတွေ ပညာရေးအတွက် ပူပန်နေကြရတယ်လို့ သူက ပြောပါတယ်။
“စားဝတ်နေရေးက လယ်ယာလုပ်ငန်းကတော့ လုံးလုံး လုပ်လို့မရဘူး။ တခြားလုပ်ငန်းလေးတွေ လုပ်နေကြရတယ်။ အရင်တုန်းက သူတို့ ထင်းခုတ်၊ ၀ါးယူ စတဲ့ လုပ်ငန်းလုပ်တဲ့ ကျွန်းတွေ ရှိတယ်။ သင်္ကန်းကြီးကျွန်းတို့ ဘာတို့ပေါ့၊ အဲဒီကျွန်းတွေကိုလည်း အခု ကုမ္ပဏီတွေက ၀ယ်ယူလိုက်တယ် ဆိုပြီးတော့ ကြိမ်စိုက်ခင်း လုပ်မယ်ဆိုပြီး ဘယ်သူမှ မ၀င်ရ၊ မပြုရ လုပ်တဲ့အခါမှာ ရွာသူ ရွာသားတွေအတွက် အဲဒီ အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။
“အခု အိမ်တွေ အများစုက ကယ်ဆယ်ရေးတွေက ပေးထားတဲ့ ပလတ်စတစ် အမိုးအကာတွေကိုပဲ မိုးထားရသေးတယ်။ ကလေးတွေရဲ့ စာသင်ကျောင်း အနေအထားက အခု UNICEF ကနဲ့တူတယ်၊ မူလတန်းကျောင်းလေး တကျောင်း၊ အုတ်ကျောင်းလေးပေါ့၊ အဲဒါ စဆောက်ပေးနေတာ တွေ့တယ်။ ကျောင်းမှာလာပြတဲ့ ဆရာလေးတွေက အမြဲတမ်း မနေကြတဲ့ အခက်အခဲလည်း ရှိတယ်။ နောက်တခုက တချို့ဆရာတွေဆိုရင် သူတို့ရွာကနေပြီးတော့ တနှစ်ကို စပါး ၂၀၀ နှုန်းနဲ့ ငှားထားရတဲ့ အနေအထားမျိုးတွေ ရှိတယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ မြေပုံမြို့ ကျီးခေါင်းတောင်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘုရားထီး တင်လှူ ပူဇော်ခဲ့ကြပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ အိုးအိမ်၊ လယ်ယာမြေတွေ ပြန်လည်ထူထောင်ရေး၊ သားသမီးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေအတွက် ဒေသခံတွေ ကိုယ်ပိုင် စိုက်ပျိုးရေးလုပ်ငန်း ပြန်လည် လုပ်ကိုင်နိုင်ဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ အောက်တိုဘာလက တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အတွင်းက မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်တွေက အိုးအိမ် ၁၅,၀၀၀ ကျော်၊ စာသင်ကျောင်းပေါင်း ၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
ကုလသမဂ္ဂက ကနဦး ပြန်လည်ထူထောင်ရေး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၅၇ သန်းလောက် လိုအပ်မယ်လို့ ခန့်မှန်းထားပေမဲ့ တကယ်တမ်းက နိုင်ငံတကာ အလှူငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။