သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ ပေးဖို့ ဒေါ်စု ဦးဆောင်တောင်းဆို


ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ ပေးဖို့ ဒေါ်စု ဦးဆောင်တောင်းဆို
ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ ပေးဖို့ ဒေါ်စု ဦးဆောင်တောင်းဆို

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာက စိတ်ဝင်စားမှု အားနည်းနေတာကြောင့် ဒီဒုက္ခသည်တွေကို ဝိုင်းဝန်း အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီရေး အတိုက်အခံ ခေါင်းဆောင် အတော်များများက နိုင်ငံတကာ မိသားစုကို ပန်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နာဂစ် မုန်တိုင်းတုန်းကလည်း ဒုက္ခသည်တွေအတွက် လိုအပ်ချက်အတိုင်း အထောက်အပံ့တွေ အပြည့်မရခဲ့သလို အခု ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာဆိုရင် နိုင်ငံတကာ အကူအညီ လိုအပ်မှုတွေ အတော့်ကို ရှိနေတယ်လို့ အဲဒီ ပန်ကြားချက်မှာ အကူအညီပမာဏ ကိန်းဂဏန်းတွေနဲ့တကွ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဂီရိ ဆိုင်ကလုံး မုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံတဲ့စာကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့က နိုင်ငံရေးသမားကြီးတွေ၊ အခုလက်ရှိ နိုင်ငံရေးပါတီတွေထဲက ဒီမိုကရေစီပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ခေါင်းဆောင်တွေ၊ နောက် တသီးပုဂ္ဂလ နိုင်ငံရေး လှုပ်ရှားသူတွေ ဝိုင်းဝန်း လက်မှတ်ထိုးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေ ကျရောက်ခဲ့တဲ့ နေရာမှာ ဟေတီတို့ ပါကစ္စတန်တို့လို အဖြစ်အပျက်တွေ မြန်မာနိုင်ငံမှာလည်း ရှိခဲ့တယ်၊ မြန်မာနိုင်ငံက ဂီရိမုန်တိုင်းဟာ ပမာဏ သေးငယ်ပေမဲ့ နိုင်ငံတကာရဲ့ ထိုက်သင့်သလောက် အာရုံစိုက် ကူညီမှုကို မရခဲ့ဘူးလို့ အဲဒီ နိုင်ငံတကာကို ပန်ကြားချက်မှာ ဖော်ပြပါတယ်။

လူပေါင်း ၆၀ ကျော် သေဆုံးပြီး ၂၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး လိုအပ်ချက်ကို ကုလသမဂ္ဂ လူသားချင်း စာနာကူညီရေး ညှိနှိုင်းမှုရုံးက ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏအတိုင်း နိုင်ငံတကာက မဖြည့်ဆည်းနိုင်ခဲ့ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“လယ်ဧကပေါင်း ၁၅၀,၀၀၀ လောက်အတွက် တာတမံတွေ တည်ဆောက်ပေးဖို့၊ ရေလုပ်ငန်းရှင် ၈၃၀ လောက်အတွက် သူတို့ဘဝတွေ ပြန်လည် ထူထောင်ဖို့အတွက် လိုအပ်တဲ့ စက်လှေတို့ ပိုက်တို့ စတာတွေ ထူထောင်ပေးဖို့၊ နောက် ကလေးတွေအတွက် စာသင်ကျောင်း ၁၂၀၊ ဘုန်းကြီးကျောင်းပေါင်း ၇၀၊ ရွာတွေမှာလည်း သောက်သုံးရေ ဖူလုံစွာ ရဖို့အတွက် ရေတွင်း ရေကန်တွေလည်း ၇၀ လောက်၊ ရေကန်ပေါင်းလည်း ၈၀ လောက် တူးပေးဖို့ မေတ္တာရပ်ခံထားခြင်း ဖြစ်ပါတယ်။

“အားလုံးကို မှန်းဆ တွက်ဆကြည့်လိုက်မယ်ဆိုရင် ဒေါ်လာ ၆,၀၀၀,၀၀၀ ဖိုးလောက် အကူအညီတွေ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒါတောင်မှ ပေါက်တောနဲ့ မြေပုံ ၂ မြို့နယ်ထဲပါ။ UNDP အဖွဲ့ကလည်း ရခိုင်ကို မကြာသေးမီက သွားပြီးတော့ ကယ်ဆယ်ဖို့ လေ့လာခဲ့ပြီးပါပြီ။ အဲဒီမှာ သူတို့ကလည်း ဒေါ်လာ သန်း ၃၀ လောက် ထပ်ပြီးတော့ ကူညီဖို့ လိုသေးတယ် ဆိုတဲ့အကြောင်း သူတို့ကလည်း ထုတ်ပြန်ထားပါတယ်။”

အန်ကယ်တို့ ခုန ရေးထားတဲ့အထဲမှာ ဒေါ်လာ ၆,၀၀၀,၀၀၀ လောက် အရေးပေါ် လိုအပ်တယ်ဆိုပြီး ပြောထားပါတယ်။ တဘက်မှာ UNDP ဘက်က ဒေါ်လာ သန်း ၃၀ လောက် လိုတယ်ဆိုတော့ ကိန်းဂဏန်းက ဘယ်လိုမျိုးလဲ ခင်ဗျ၊ ကွာနေတာ။

“အကူအညီသွားတဲ့ အဖွဲ့တွေကို မြေပုံမြို့နယ်နဲ့ ပေါက်တောမြို့နယ် ရွာသားတွေက ကူညီပေးပါ၊ ကူညီပေးပါဆိုတဲ့ လျှောက်လွှာတွေ ပို့လိုက်တယ်။ ကျနော်တို့ဆီ လျှောက်လွှာ ၂,၀၀၀ လောက် ပါလာတယ်။ ကျနော်တို့ အဖွဲ့တွေက သယ်လာတယ်။ အဲဒီ ၂ မြို့နယ်တည်းအတွက် ဖြည့်ဆည်းဖို့ ဆိုရင်တောင်မှ ဒေါ်လာ ၆,၀၀၀,၀၀၀ လောက် လိုမယ်လို့ ကျနော်တို့ စာရင်းပေါက်တဲ့အကြောင်း ဖော်ပြထားတာပါ။

“အဲဒီမှာ မြို့နယ်က ၆ မြို့နယ်လောက် ထိသွားတာကိုးဗျ။ ကျနော်တို့ကတော့ အများဆုံးပျက်တဲ့ ၂ မြို့နယ်ကိုပဲ ဒီက လူကြီးတွေကို တင်ပြတဲ့ အခါကြတော့ အဲဒါကိုပဲ ကျနော်တို့က ပဓာဏထားပြီး တွက်တာပေါ့ဗျာ။ တခြားမြို့နယ်တွေပါ ဆိုရင်တော့ ခုန တောင်းဆိုချက်တွေက Reason ဖြစ်တာပေါ့။ အဲဒီသဘောပါ။”

အရင်တုန်းက နိုင်ငံတကာက ဂီရိ မုန်တိုင်းအတွက် ကူညီခဲ့တဲ့ အကူအညီတွေ ထိထိရောက်ရောက် ရှိလား၊ လုံလောက်ရဲ့လား၊ အရင်တုန်းက ပေးခဲ့တဲ့ ဟာတွေကရော ဘယ်လိုအတိုင်းအတာ ရှိလဲခင်ဗျ။

“သူတို့တောင်းဆိုတာ အဲဒီတုန်းက ဒေါ်လာ ၅၇ သန်း လိုအပ်ပါတယ်လို့ တောင်းထားတယ်တဲ့။ အဲဒီအထဲက အခုထိ ဒေါ်လာ သန်း ၂၀ ပဲ ကူမယ်လို့ ကတိရသေးတယ် ဘာညာနဲ့ အဲဒီလိုလည်း ကျနော်တို့ ကြားရပါတယ်။ ကျနော်တို့ ဒီက နာဂစ်က ကျနော်တို့ ရဲဘော်တွေပဲ သွားကြတာပါပဲ။ NGO တွေ ဘာတွေတော့ တော်တော်များများ တွေ့တော့ တွေ့နေတယ်တဲ့။ ဒါပေမဲ့ သူတို့လိုအပ်ချက်တွေနဲ့ စာရင်တော့ တော်တော့်ကို နည်းနေတယ်တဲ့။ နာဂစ်တုန်းကထက်တောင်မှ နည်းနည်း နည်းနေတဲ့သဘော တွေ့ရတယ်လို့ ကျနော့်ကို ပြန်ပြောပြတယ်။ အဲဒီတော့ အကူအညီတွေကတော့ သိပ် ပြည့်ပြည့်စုံစုံ မရသေးတဲ့ သဘောပဲ။”

အခုလို ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး အကူအညီအတွက် နိုင်ငံတကာထံ ပန်ကြားချက်စာကို ဒီကနေ့ကစပြီး သက်ဆိုင်ရာ အစိုးရတွေ၊ အဖွဲ့အစည်းတွေထံကို ပေးပို့သွားမယ်လို့ ပြောပါတယ်။ အခုလို ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေးအတွက် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု ညှိနှိုင်းရေးရုံးကလည်း နိုင်ငံတကာ အကူအညီတွေ ပြီးခဲ့တဲ့ ရက်သီတင်းပတ်ကပဲ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

သူတို့ရဲ့ ကွင်းဆင်းလေ့လာချက် အရဆိုရင် ကျေးရွာတွေမှာ အပျက်အစီးတွေ အတော့်ကို ကြီးကြီးမားမားရှိပြီး အိမ်ခြေ ၇၀-၈၀% ဟာ လုံး၀ ပျက်စီးကုန်တယ်၊ ကျောင်းတွေ ဆေးပေးခန်းတွေလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ စိုက်ပျိုးမြေဧကပေါင်း ၁၇,၀၀၀ ကျော်နဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေး ကန်ပေါင်း ဧက ၅၀,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေအတွက် အိမ်ယာ ပြန်လည်ဆောက်လုပ်ဖို့နဲ့ စားဝတ်နေရေး လုပ်ငန်းအကူအညီတွေ အတော့်ကို လိုအပ်နေပြီဆိုပြီး အကူအညီတွေ ပေးကြဖို့ နိုင်ငံတကာကို ကုလသမဂ္ဂကလည်း မေတ္တာရပ်ခံခဲ့ပါတယ်။

XS
SM
MD
LG