သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ


ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ
ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ

မြန်မာနိုင်ငံက ဆိုင်ကလုံးဂီရိဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီငွေ ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကူအညီငွေတွေကို နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကတဆင့် ထောက်ပံ့ပေးသွားမှာ ဖြစ်သလို အကူအညီငွေတွေ ထိရောက်မှု ရှိမရှိကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အာရှဒေသ ဥရောပ ကော်မရှင်ရုံး တာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လိုအပ်ချက်ရှိနေတဲ့ သူတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ ပိုင်းဖြတ်ချက်အတိုင်း အထူးသဖြင့် ဆင်းရဲမွဲတေတဲ့ မြန်မာနိုင်ငံလိုမျိုး သဘာဝဘေးဒဏ် ခံလိုက်ရချိန်မှာ လိုအပ်ချက်တွေအတွက် အကူအညီပေးဖို့ ဥရောပသမဂ္ဂရဲ့ ကတိကဝတ်အတိုင်း အခုလို ဆိုင်ကလုံးဂီရိ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရတာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပါတယ်။

အခုလို အကူအညီ မပေးခင်မှာလည်း တကယ့်လိုအပ်ချက်ကို သူတို့အနေနဲ့ ကွင်းဆင်းလေ့လာခဲ့တယ်လို့ ဥရောပ ကော်မရှင်ရဲ့ အာရှဒေသ ပြန်ကြားရေးအရာရှိ မားသီးယပ်စ် အစ်ခ် (Mathias Eick) က ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြပါတယ်။

“ဆိုင်ကလုံးဂီရိ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီအဖြစ် ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဥရောပ ကော်မရှင် အဖွဲ့ကနေ ဂီရိမုန်တိုင်း အခြေအနေ အကဲဖြတ် သုံးသပ်ချက် လုပ်နိုင်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကြက်ခြေနီအသင်း စတဲ့ အခြားအဖွဲ့တွေရဲ့ သတင်းအချက်အလက် ပံ့ပိုးမှုလည်း ပါပါတယ်။ ဒီလို သုံးသပ် အကဲဖြတ်မှုတွေက တဆင့် မဖြစ်မနေ လိုအပ်နေတဲ့ အစားအစာတွေ၊ နောက် အခြား အသုံးအဆောင် ပစ္စည်းတွေအတွက် အခုလို ထောက်ပံ့ဖို့ ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပ ကော်မရှင်ရုံးကနေ ယူရို ၃,၀၀၀,၀၀၀ သတ်မှတ်ခဲ့တာပါ။”

အကူအညီတွေအတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ စိတ်ချရတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အကူအညီတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဥရောပ ကော်မရှင်ကနေ အသိအမှတ်ပြု လက်ခံထားပြီးသား လက်တွဲဖက် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော် ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ပုံတွေမှာ သူတို့နဲ့ ဥရောပ ကော်မရှင်အကြား သတ်မှတ်ချက် သဘောတူထားတာတွေ ရှိပါတယ်။ ဆိုလိုတာကတော့ ဒီအဖွဲ့တွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိရုံတင် မဟုတ်ဘဲ ရန်ပုံငွေကြေး စီမံသုံးစွဲမှုပိုင်းမှာလည်း တာဝန်ခံမှု လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေပါ။

“အခုလက်ရှိ မြန်မာနိုင်ငံတွင်း လက်တွေ့အခြေအနေမှာလည်း ဒီလို အကူအညီတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ ရှိနေပါတယ်။ ဥရောပ ကော်မရှင်ရဲ့ အထောက်အပံ့တွေကို ဒီအဖွဲ့တွေကတဆင့် ဒုက္ခရောက်နေသူတွေထံ တိုက်ရိုက် ဖြန့်ဖြူးသွားမှာပါ။”

ဥရောပ ကော်မရှင် အနေနဲ့ အရင် နာဂစ်ဆိုင်ကလုံး ကယ်ဆယ်ကူညီရေးတွေမှာ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံ ရှိသလို ရန်ကုန်မှာလည်း သူတို့ရုံးခွဲ ရှိတာမို့ ဒီအကူအညီတွေ ထိရောက်မှု ရှိမရှိကို စောင့်ကြည့်သွားနိုင်ပါတယ်လို့လည်း အာရှဒေသ ပြန်ကြားရေး အရာရှိ မားသီးယပ်စ် အစ်ခ်က ပြောပါတယ်။

“ရန်ပုံငွေတွေကို သုံးစွဲမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ထောက်ပံ့ကူညီမှု လုပ်တဲ့နေရာမှာ သူတို့ မူလ လျာထားတဲ့အတိုင်း ထိရောက်အောင် ဆောင်ရွက်နိုင်ရဲ့လားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဥရောပ ကော်မရှင် အနေနဲ့ ဒီစောင့်ကြည့်မှု စနစ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။”

အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေဟာ ကြီးကြီးမားမား ရှိသလိုပဲ အခု ၂ လနီးပါးအတွင်း အရေးပေါ် အကူအညီ ဆောင်ရွက်မှုတွေကြောင့် ဒေသခံလူထုဟာ အတော်လေး အလျှင်အမြန် နာလံထူလာနိုင်တယ်ဆိုပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံးက ပြောပါတယ်။

ဂီရိမုန်တိုင်း အဓိက ရိုက်ခတ်ခဲ့တဲ့ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ အိမ်ခြေ ၇၀-၈၀% လုံး၀ ပျက်စီးပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အရေးပေါ် အကူအညီနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဟာ အမေရိကန်ဒေါ်လာ ၅၇ သန်း ရှိမယ်လို့ ခန့်မှန်းပြီး လက်ရှိအားဖြင့် နိုင်ငံတကာ အလှူရှင်တွေက အကူအညီငွေ ဒေါ်လာ ၂၀.၅ သန်းပေးဖို့ လျာထားပြီးသား ဖြစ်တယ်လို့လည်း ရန်ကုန် ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG