သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး


ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး
ကျောက်ဖြူမြို့ထက်ဝက်ကျော် မုန်တိုင်းကြောင့် ပျက်စီး

ရခိုင်ကမ်းမြောင်ဒေသမှာ အပြင်းအထန် တိုက်ခတ်သွားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ထဲမှာ ကျောက်ဖြူမြို့လည်း အပါအဝင်ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက် ၆ နာရီပတ်ဝန်းကျင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ မိုးရွာတာလည်းရပ်၊ လေလည်း ငြိမ် သွားပြီဖြစ်ပေမဲ့ ရေကတော့ ကြီးနေဆဲပဲလို့ မြို့ခံကပြောပါတယ်။

“မိုးရွာ လေတိုက်တာကတော့ မရှိတော့ဘူးခင်ဗျ။ ဒါပေမဲ့ ရေက မြို့ကို ပတ်ပတ်လည် ဝိုင်းပြီး ဆည်ထားတဲ့ တာတမံဘောင်တွေ ကျိုးသွားတဲ့အတွက် စေတီတောင်ကွင်းတို့၊ ----- ကွင်း ရပ်ကွက်တို့ဆိုတာတွေမှာ ရေတွေမြုပ်နေပါတယ်။”

ဟုတ်ကဲ့၊ ရေက ဘယ်လောက်လောက်ထိ တွေ့နေရလဲ၊ ဘယ်လောက်လောက်ထိ တက်သလဲခင်ဗျာ။
“ရေက၊ မြေနိမ့်ပိုင်းမှာဆိုရင် သုံးပေလောက်ရှိပါတယ်၊ အောက်ပိုင်းမှာဆိုရင် ခြောက်ပေ လောက်ရှိပါတယ်။ အိမ်တွေမြုပ်နေတဲ့အတွက် ဘုန်းကြီးကျောင်းတွေမှာ လူတွေကို သွားထား ရပါတယ်။ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ၁၂ နေရာခွဲပြီး ထားပါတယ်။”

ဆိုတော့၊ မုန်တိုင်းကတော့ ပြီးသွားပြီ၊ လေတွေ ဘာတွေလည်း မတိုက်တော့ဘူး၊ ဒါပေမဲ့ ဒုက္ခ ရောက်နေတဲ့၊ အိမ်တွေမှာ မနေနိုင်တဲ့လူတွေကို ဒုက္ခသည်စခန်းတွေဖွင့်ပြီးတော့ ထားတယ်၊ အကူအညီပေးတာတွေလည်း ရှိတယ်၊ ကျနော်တို့ အကြမ်းဖျင်း အဲဒီလို ပြောလို့ရမှာပေါ့ နော်။
“ဟုတ်ကဲ့ခင်ဗျ။”

မြို့ကတော့ တော်တော်လေးကို ပျက်စီးသွားတယ်လို့ အကိုပြောနိုင်လား။
“ပျက်စီးပါတယ်။ မြို့က တော်တော့်ပျက်စီးဆို ကျနော်တို့ မုန်တိုင်းကြုံခဲ့တာ ငါးကြိမ်ရှိပါပြီ၊ ဒီတကြိမ်ကတော့ အဆိုးဆုံးပဲ။”

မြို့က ဘယ်လောက်ထိ ထိခိုက် ပျက်စီးသွားသလဲခင်ဗျ။
“မြို့က ၆၀% လောက် ပျက်သွားပါတယ်။”

ဟုတ်ကဲ့၊ အကို တွေ့ရ မြင်ရသလောက် ဘယ်လို အပျက်အစီးတွေ တွေ့ရတယ်ဆိုတာ နည်းနည်းလေး ပုံပေါ်အောင် ပြောပြပါလား။
“အိမ်ခေါင်တွေ အမိုးတွေ အကာတွေ လန်တယ်၊ တိုက်အိမ်တွေတော့ သိပ် များများစားစား မပျက်ဘဲနဲ့ သာမန်အိမ်တွေကတော့ အကုန်လုံးနီးပါး ပျက်သွားပါတယ်။”

လူအသေအပျောက်သတင်းရော ဘာများသိထားလဲ။
“အသေအပျောက်က အတိအကျတော့ မရသေးပါ။ နေရာကလည်း နည်းနည်း ကျယ်ပြန့်တော့ လေ၊ မုန်တိုင်းကလည်း အားကြီးတယ်။ ညနေ သုံးနာရီလောက်ကနေ မုန်တိုင်းတိုက်တာ၊ မနက် တနာရီခွဲ နှစ်နာရီလောက်မှ ပြီးသွားပါတယ်။”

ဟုတ်ကဲ့၊ အခုရော သွားလို့လာလို့ ရတဲ့အခြေအနေ ရှိပြီလား။
“သွားလို့ လာလို့ကတော့ နယ်တွေကတော့ မရောက်သေးပါ။ မြို့ထဲမှာကတော့ အခု လမ်းတွေကို လိုက်ပြီး ရှင်းနေကြပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့လေ။”

ဟုတ်ကဲ့၊ ဒုက္ခရောက်တဲ့လူဦးရေ ဘယ်လောက်လောက်ထိ ရှိမယ်လို့ အကိုခန့်မှန်းလဲ၊ တွေ့ရလဲ။
“ဒုက္ခရောက်တဲ့လူဦးရေက ၄,၂၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။”

ဟုတ်ကဲ့၊ ပြောတယ်ဆိုတာ ဘယ်သူက ပြောတာလဲခင်ဗျ။
“ကျနော်တို့ မြို့ပေါ်မှာ လူငယ်လေးတွေ အဖွဲ့ဖွဲ့ပြီးရင် ဥပမာ၊ ကျောင်းသားတွေ လူငယ်တွေ အဖွဲ့ဖွဲ့ပြီးရင် သူတို့က စာရင်းလိုက်ကောက်ပါတယ်။ ဒုက္ခသည်တွေ ထားတဲ့နေရာကတော့ ၁၂ နေရာခွဲပြီး ထားပါတယ်။”

ဒီဒုက္ခသည်စခန်းတွေက ဘယ်သူက အဓိကဖွင့်ပေးပြီးတော့ ဘယ်သူတွေက ကြီးကြပ်ပေးနေပါ သလဲခင်ဗျ။
“မယကတို့ပါပါတယ်၊ နောက်ပြီးရင် မြို့ပေါ်က လူထုလူတန်းစား အဖွဲ့တွေပါပါတယ်။”

အကူအညီတွေ ပေးနေတဲ့အခြေအနေကို အကိုတွေ့ရသလောက် မြို့ခံတဦးအနေနဲ့ အားရ ကျေနပ်တယ်လို့ ပြောလို့ရသလားခင်ဗျာ။
“လောလောဆယ်ကတော့ အားရကျေနပ်ဖွယ်ရာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ မနေ့ကတော့ ဝန်ကြီးသုံးယောက်နဲ့ အဖွဲ့တဖွဲ့တော့ ရောက်နေပါတယ်။ သူတို့ အကူအညီပေးမယ်ဆိုပြီး လေယာဉ်နဲ့ ညနေ ငါးနာရီနီးပါးလောက်မှာ ရောက်လာပါတယ်။ အဲဒါ အကူအညီကတော့ မပေးဖြစ်သေးဘူး။ ဒီနေ့လောက်မှပဲ ပေးဖို့လို့ထင်ပါတယ်။

“မြို့ပေါ်က ပရဟိတ လူငယ်လေးတွေကတော့ ဆန်တွေ ဘာတွေအလှူခံ၊ နောက်ပြီးရင် ထမင်းထုပ်တွေဘာတွေ အလှူခံပြီးရင် လူတွေဆီကို သွားသွားပြီး မငတ်မပြတ်အောင်ဆိုပြီး ပို့ထားရပါတယ်။”

XS
SM
MD
LG