ဒီနှစ် ၂၀၁၅ ခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာ နှေးကွေးနိုင်ပေမဲ့ တိုးတက်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းပါတယ်။
တရုတ်၊ ရုရှား၊ ဥရောပနဲ့ ဂျပန်နိုင်ငံတွေမှာ အနှုတ်လက္ခဏာတွေ တွေ့ရမယ့် အလားအလာတွေ ရှိနေပေမဲ့ ကမ္ဘာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာထက် ဒီနှစ်မှာ နည်းနည်းပိုပြီး အရှိန်ရလာမယ်လို့ မျှော်လင့်ရကြောင်း IMF ရဲ့ စီးပွားရေးဆိုင်ရာ အကြီးအကဲ Olivier Blanchard က ဒီကနေ့ပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
အမေရိကန် ပြည်ထောင်စုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ခန့်မှန်းထားတာထက် ၀.၅ ရာခိုင်နှုန်း ပိုတိုးပြီး ၃.၅ ရာခိုင်နှုန်းလောက်နဲ့ စီးပွားရေး ထူးထူးခြားခြား တိုးတက်နိုင်တယ်လို့လည်း IMF ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ရေနံဈေးတွေ ကျဆင်းလာနေတဲ့အတွက် ရေနံတင်သွင်းနေတဲ့ တိုင်းပြည်တွေအတွက် အကျိုးရှိနိုင်ပေမဲ့ ရုရှားနဲ့ နိုင်ဂျီးရီးယားတို့လို ရေနံတင်ပို့တဲ့ တိုင်းပြည်တွေ အတွက်တော့ ထိခိုက်နိုင်တယ်လို့လည်း IMF အရာရှိ Blanchard ကပြောပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ရေနံစိမ်း တပေပါကို အမေရိကန်ဒေါ်လာ ၁၀၀ လောက် ရှိနေရာက အခုအခါ ဒေါ်လာ ၅၀ တ၀ိုက်လောက်အထိ ကျဆင်းခဲ့တာပါ။
ကုန်ဈေးနှုန်း ကျဆင်းမှုတွေကြောင့် တောင်အာဖရိက၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသနိုင်ငံတွေမှာတော့ စီးပွားရေး အားနည်းနိုင်တယ်လို့လည်း IMF ကခန့်မှန်းပါတယ်။ ငွေတန်ဘိုး အတက်အကျကြောင့် ဂျပန်နိုင်ငံနဲ့ ဥရောပက စီးပွားရေး အင်အားကြီး တိုင်းပြည်တွေမှာ အကျိုးရှိနိုင်တယ်လို့လည်း IMF ကပြောပါတယ်။