သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း IS တိုက်ခိုက်မှု အဖြစ်များလာ


IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ကမ္ဘာတဝှမ်း တိုက်ခိုက်။
IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ကမ္ဘာတဝှမ်း တိုက်ခိုက်။

ဒီနှစ် ၂၀၁၅ ခုနှစ်ရဲ့ တတိယသုံးလအတွင်း IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ရဲ့ ကမ္ဘာတဝှမ်း တိုက်ခိုက်မှုတွေဟာ နေ့စဉ် ၄၀ % ကျော် အဖြစ်များလာတယ်လို့ IHS Jane အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေးစာစောင် က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ လေ့လာချက်ထဲမှာ ဇူလိုင်လကနေ စက်တင်ဘာလတွင်း ကမ္ဘာတဝှမ်း IS အဖွဲ့ရဲ့ တိုက်ခိုက်မှုပေါင်း ၁၀၈၆ ခု ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။ ဒါဟာ နေ့စဉ် ပျမ်းမျှ တိုက်ခိုက်မှု ၁၂ ကြိမ် နီးပါး ရှိနေတာကို ဖော်ပြပြီး ဒီ့အရင် ဒုတိယသုံးလ ကာလထက် ၄၂ % ပိုများလာတာဖြစ်တယ်လို့ ဆိုပါတယ်။

IS အဖွဲ့က သူပိုင် နယ်တွေအဖြစ် ကြေညာထားတာရှိတဲ့ အဖွဲ့ အဓိကခြေကုပ်ရာ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွေမှာတင်မကဘဲ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆော်ဒီ အာရေးဗီးယား နဲ့ မြောက်ပိုင်း ကော့ကေးဆပ်နဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စုဆောင်းပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

နိုင်ဂျီးရီးယားက ဘိုကိုဟာရမ် အပါအဝင် ဒီလိုနိုင်ငံတွေမှာရှိတဲ့ ဒေသခံ အကြမ်းဖက်အဖွဲ့ အတော်များများက သူတို့အနေနဲ့ IS အဖွဲ့ကို သစ္စာခံထားတဲ့အကြောင်း ပြောကြပေမဲ့ ဒီအဖွဲ့အစည်းတွေနဲ့ IS ခေါင်းဆောင်မှုပိုင်းကြား ဘယ်လောက်အထိ နီးစပ်မှုရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေကတော့ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ IS အစွန်းရောက်တွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လာတွေနဲ့ချီ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရုရှားကလည်း အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေလောက် မကြီးကျယ်ပေမဲ့လို့ အလားတူ ဗုံးကျဲတိုက်ခိုက်မှုတွေကို သိပ်မကြာခင်ကစလို့ သီးခြား လုပ်ဆောင်လာနေတာပါ။

ဒီလေကြောင်းတိုက်ခိုက်မှုတွေက IS အဖွဲ့ကို သိသိသာသာ ထိခိုက်အောင် လုပ်နိုင်သလား ဆိုတာကို ဒီအစီရင်ခံစာထဲမှာ မေးခွန်းထုတ်ထားပြီး၊ IS အဖွဲ့ရဲ့ နယ်မြေတိုးချဲ့မှုတွေ သိသိသာသာ လျော့နည်းလာတဲ့အကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG