သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထဲရေးဝန်ကြီး ဦးကိုကို စစ်ရာဇဝတ်မှုနဲ့ အရေးယူဖို့ Global Justice တိုက်တွန်း


နယူးယောက်မြို့အခြေစိုက် Global Justice Center ။
နယူးယောက်မြို့အခြေစိုက် Global Justice Center ။

မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီး ဦးကိုကိုကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ တစ်ခု က သူ့ကို စစ်ရာဇဝတ်ကောင်တစ်ဦးအဖြစ် စွပ်စွဲပြီး၊ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူပေးဖို့ တိုက်တွန်းတဲ့ အကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဦးကိုကို ဟာ နိုဝင်ဘာလ ၆ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ နဲ့ ပက်သက်ပြီး ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ပုံမှန် လူ့အခွင့်အရေး အခြေအနေ စစ်ဆေးကြားနာမှု UPR ကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ဖို့ရှိနေချိန်မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ရဲခေါင်က တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး ကိစ္စတွေအတွက် နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ အရေးယူဖြေရှင်းဖို့ တွန်းအားပေး လုပ်ဆောင်နေတဲ့ နယူးယောက်မြို့အခြေစိုက် Global Justice Center နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖာက်မှု ဖြစ်ရပ်တွေကို မှတ်တမ်းတင် အရေးယူဖို့ လုပ်ဆောင်နေတဲ့ Justice Trust ရှေ့နေ အဖွဲ့တို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၆ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီလို ကြေညာချက် ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး Global Justice Center အဖွဲ့က ဥပဒေရေးရာ ဒါရိုက်တာ Akila Radhakrishnan က နိုဝင်ဘာလ ၅ရက်နေ့က အခုလို ရှင်းပြခဲ့ပါတယ်။

”မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေနဲ့ ပတ်သက်လို့ မနက်ဖြန် ဂျနီဗာမှာ စစ်ဆေးသုံးသပ်ဖို့ ရှိနေပါတယ်။ ကျွန်မတို့ရဲ့ သုံးသပ်ချက် အရတော့ မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး အခြေအနေတိုးတက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါ့အပြင် လူ့အခွင့်အရေးကောင်စီ ကြားနာစစ်ဆေးမှုမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးမယ့် ကော်မတီရဲ့ ခေါင်းဆောင်အဖြစ် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုကို ခန့်အပ်လိုက်တယ်လို့ သိရတဲ့ အတွက် အရမ်းပဲ အံ့သြမိပါတယ်။

ဦးကိုကိုဟာ တောင်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှုး အဖြစ်နဲ့ရှိနေစဉ် ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းက မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ကြောင်း တွေ့ရှိထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဟားဗတ်တက္ကသိုလ်၊ Human Rights Clinics က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဦးကိုကိုဟာ ပြည်ထဲရေးဝန်ကြီးအဖြစ်နဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။

သူဟာ လက်ပန်းတောင်တောင် ကြေးနီသတ္တုတွင်း ဆန္ဒပြမှုမှာ ပါဝင်တဲ့ သံဃာတော်တွေကို ဖော့စဖရပ် အဖြူပါဝင်တဲ့ မီးလောင်ဗုံး အသုံးပြုပြီး နှိမ်နှင်းခဲ့တာနဲ့ မနှစ်က ဆန္ဒပြ ကျောင်းသား တွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ကိစ္စတွေအတွက် တာဝန်ရှိသူလည်း ဖြစ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် စွပ်စွဲခံထားရသူ တစ်ဦးကို နိုင်ငံကိုယ်စားပြုပြီး လူ့အခွင့်အရေး အခြေအနေကောင်းမွန် ပါတယ်လို့ ပြောကြားရာမှာ ဦးဆောင်ဖို့ ခန့်အပ်လိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်လောက် အလေးအနက်ထား မှု ရှိသလဲဆိုတာကို သိနိုင်ပါတယ်။”

ဦးကိုကိုဟာ ဂျနီဗာကို ကုလသမဂ္ဂ သံတမန်တစ်ဦးအဖြစ် လာရောက်မှာဖြစ်တဲ့ အတွက် သူ့ကို ဖမ်းဆီးအရေးယူတာတွေ မပြုလုပ်နိုင်ပေမယ့်၊ အနာဂတ်မှာ သူ့ကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ တရားစွဲဆိုတဲ့အခါမှာ အခု စွပ်စွဲချက်တွေကို အခြေခံနိုင်ဖို့ ရည်ရွယ်တယ်လို့ အဖွဲ့ရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ စစ်ရာဇဝတ်မှု ခုံရုံး ICC ဟာ ဆူဒန်နဲ့ လစ်ဗျားနိုင်ငံတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး၊ အရေးယူ ဆောင်ရွက်ပေးဖို့ ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းဆောင်ရွက်ခဲ့သလိုမျိုး ICC ဟာ မြန်မာနိုင်ငံ အပေါ်မှာလည်း အလားတူ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ခုလို အချိန်ကိုက်ပြီး ကြေညာချက် ထုတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း သူမက အခုလို ရှင်းပြပါတယ်။

”အခုလာမယ့် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတဖို့ မျှော်လင့်ချက် ရှိနေပေမယ့်၊ တကယ်စစ်မှန်ပြီး၊ တာဝန်ယူမှုရှိတဲ့ ဒီမိုကရေစီအစိုးရဖြစ်လာဖို့ ဖွဲ့စည်းပုံအရ အတားအဆီးတွေရှိနေတယ်ဆိုတာကို သိရအောင်ပါ။ ဒီရွေးကောက်ပွဲမှာ NLD ပါတီ အနေနဲ့ အပြည့်အ၀ အနိုင်ရခဲ့ရင်တောင်မှ တကယ့် ဒီမိုကရေစီ အစိုးရဖြစ်လာဖို့ ကြီးမားတဲ့ အတားအဆီးတွေ ရှိနေဦးမှာပါ။ အကြောင်းကတော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာအစိုးရရဲ့ ဖွဲ့စည်းပုံဟာ အရင်စစ်အစိုးရရဲ့ ဖွဲ့စည်းပုံကနေ ပြောင်းလဲသွားမှာ မဟုတ်ပဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်လာဖို့ အတားအဆီးဆက်ဖြစ်နေဦးမှပါ။”

ဦးကိုကိုဟာ စစ်တပ် အရာရှိအဖြစ်နဲ့ကော ပြည်ထဲရေး ဝန်ကြီးအဖြစ်နဲ့ပါ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အများကြီးရှိနေခဲ့မယ့် အရေးယူခြင်းမခံရတဲ့အပြင်၊ အစိုးရအဖွဲ့ထဲမှာ ရာထူးတိုးမြှင့်ပေးခံရတာမျိုး တွေ့ရပါတယ်။ အမေရိကန်လို နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေချိန်မှာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်အောင် ပြောင်းလဲဖို့ ဘယ်အရာတွေက အဟန့်အတားဖြစ်နေတယ်ဆိုတာရယ်၊ မြန်မာအစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေကိုတော့ သတိထားစောင့်ကြည့်ဖို့ လိုတယ်ဆိုတာတွေကို သိအောင် Global Justice Center အဖွဲ့အနေနဲ့ ထောက်ပြချင်တာဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

XS
SM
MD
LG