သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေပူနွေးလာမှုကို နှေးကွေးအောင်လုပ်နိုင်တော့မည်


ကမ္ဘာတဝန်းက ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်နေမှုနှုန်းကို နှေးအောင်လုပ်ဖို့ အချိန်ရှိသေးတယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာစုအတွင်း လေထုထဲမှာပိုများလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) ဓာတ်ငွေ့တွေက နေရဲ့ အပူတွေကို စုပ်ယူလိုက်တဲ့အတွက် ကမ္ဘာကြီး ပို ပူနွေးလာပြီး ရေခဲတောင်ကြီးတွေ၊ ရေခဲလွှာတွေ အရည်ပျော်ကုန်ပြီး ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အပူကို စုပ်ယူနိုင်တဲ့ တခြား ညစ်ညမ်းပစ္စည်းတွေက ရေတိုသက်ရောက်မှုကို ပိုပြီးဖြစ်စေတာကြောင့် အဲဒီညစ်ညမ်းပစ္စည်းတွေကို လျှော့ချလိုက်ရင် ကမ္ဘာကြီးရဲ့ ပူနွေးလာမှုနှုန်းကို ထိထိရောက်ရောက် ထိန်းထားနိုင်မှာဖြစ်သလို ပင်လယ် ရေမျက်နှာပြင်တွေ မြင့်တက်လာမှုကို နှေးအောင်လုပ်နိုင်မှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ မီသိမ်းဓာတ်ငွေ့ လေထုထဲမှာ ပါဝင်မှုအနည်းဆုံး Tropospheric အိုဇုံးလွှာ၊ Hydrofluorocarbon ဓာတ်ငွေ့တွေနဲ့ အမဲရောင် ကာဘွန်ဓာတ်ငွေ့တွေကို ပစ်မှတ်ထားပြီး လျှော့ရမှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေရဲ့ အစီရင်ခံစာသစ်ထဲမှာ ပြောထားပါတယ်။

သူတို့အကြံပြုတဲ့အတိုင်း ဒီဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို အမြန်အဆန် လျှော့ချမယ်ဆိုရင် ၂၀၅၀ ခုနှစ်မတိုင်ခင်မှာ ကမ္ဘာကြီးပူနွေးမှုကို ၅၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မှာဖြစ်သလို ရေမျက်နှာပြင် မြင့်တက်လာမှုကိုလည်း ရာစုနှစ်မကုန်ခင်မှာ ၂၂ ရာနှုန်းကနေ ၄၂ ရာနှုန်းအထိ လျှော့ချနိုင်မယ်လို့ ပြောပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ Nature ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ အစီရင်ခံစာထဲမှာ သုတေသီတွေက ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုအတွက် ကာဘွန်ဒိုင်အောက်ဆိုဒ် ဟာ အဓိကတရားခံဖြစ်နေဆဲ ဆိုတာကိုလည်း အလေးအနက် ဖော်ပြထားပါတယ်။ ဒါပေမဲ့ တခြားဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို လျှော့ချခြင်းအားဖြင့် လာမယ့်နှစ်တွေအတွင်း သိသာတဲ့ အပြောင်းအလဲတွေကို တကယ်လုပ်နိုင်ပါတယ်လို့ အစီရင်ခံစာရေးသူတယောက်ဖြစ်တဲ့ သုတေသီ Warren Washington ကပြောပါတယ်။

XS
SM
MD
LG