သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးနဲ့ နည်းပညာ


Global Information Technology Report 2014
Global Information Technology Report 2014
ကမ္ဘာတဝှမ်း စီးပွားရေးအရ ယှဉ်ပြိုင်မှုတွေမှာ သတင်းနဲ့ နည်းပညာတွေကို ထိထိရောက်ရောက် အသုံးချနေတဲ့ အောင်မြင်မှုတွေ တွေ့ရပေမဲ့၊ အဆင့်မြင့် နည်းပညာတွေ သုံးစွဲနိုင်တဲ့ နေရာမှာတော့ နိုင်ငံအလိုက် ကွာဟချက်တွေ ကြီးမားနေဆဲ ဖြစ်တဲ့အကြောင်း ကမ္ဘာ့သတင်းနဲ့ နည်းပညာ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ဒဂျစ်တယ် နည်းပညာ ထွန်းကားလာတဲ့ခေတ်မှာ စိမ်ခေါ်မှုတွေနဲ့ ကြုံနေရတဲ့ စီးပွားရေး လုပ်ငန်းတွေထဲမှာတော့ သတင်းလုပ်ငန်းလည်း ထိပ်ဆုံးက ပါဝင်နေတာပါ။ အဆင့်မြင့် နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ယှဉ်ပြိုင်မှုပုံစံတွေအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် Adam Phillips နဲ့ Greg Flakus တို့ရဲ့ သတင်းပေးပို့ချက်တွေကို အခြေခံပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

Cornell တက္ကသိုလ်နဲ့ World Economic Forum တို့ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့သတင်းနဲ့ နည်းပညာ အစီရင်ခံစာမှာတော့ အင်တာနက် ဆက်သွယ်နိုင်မှု ၊ စီးပွားရေး လုပ်ငန်းတွေ၊ အစိုးရတွေနဲ့ လူပုဂ္ဂိုလ် တဦးချင်း အနေနဲ့ လုပ်ငန်းလုပ်ကိုင်နိုင်ခွင့် အတိုင်းအတာတွေကို နှိုင်းယှဉ်ဆန်းစစ်ထားပါတယ်။ သုတေသီတွေရဲ့ လေ့လာချက်မှာတော့ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေနဲ့ စီးပွားရေး ထွန်းသစ်စ တိုင်းပြည်တွေကြား နည်းပညာ သုံးစွဲနိုင်မှုမှာ ကွာဟချက်ဟာ ပြီးခဲ့တဲ့နှစ်ထဲ ကြီးထွားလာတာကိုလည်း တွေ့ရှိခဲ့ကြတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ကိုင်ဖုန်းတွေ၊ ကွန်ပြူတာတွေလို နည်းပညာအခြေခံ ရုပ်ဝတ္ထုပစ္စည်းတွေကို အရင်ထက် ပိုမိုသုံးစွဲ လာနိုင်ကြပေမဲ့လည်း လက်တွေ့မှာ ဒါတွေက စီးပွားရေးမှာ အထောက်အပံ့ ပေးနိုင်လောက်အောင် တွင်ကျယ်မလာသေးဘူးလို့လည်း အစီရင်ခံစာ ပြုစုသူတဦးဖြစ်တဲ့ Soumitra Dutta ကပြောပါတယ်။
“လက်ကိုင်ဖုန်း သုံးနိုင်သလားဆိုတဲ့ မေးခွန်းသက်သက် မဟုတ်ပါဘူး။ လက်ကိုင်ဖုန်း ရှိတာကတော့ သိပ်ကောင်းပါတယ်။ ဒါပေမဲ့လည်း တိုင်းပြည်တပြည်ရဲ့ အခင်းအကျင်း၊ ပညာရေးစနစ်၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေက စီးပွားရေးအရ တန်ဘိုးသစ်တွေ ဖန်တီးနိုင်မယ့် နည်းပညာကို သုံးစွဲရာမှာ အားပေးရဲ့လား ဆိုတာက မေးစရာပါ။”
အစီရင်ခံစာ ပူးတွဲရေးသားသူ Soumitra Dutta
အစီရင်ခံစာ ပူးတွဲရေးသားသူ Soumitra Dutta

ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှာ ဆက်သွယ် ဆောင်ရွက်နိုင်ဖို့ ဘယ်လောက်အထိ အဆင်သင့် အနေအထား ရောက်နေပြီလဲ ဆိုတာကို တိုင်းတာထားတဲ့ အစီရင်ခံစာရဲ့ အညွှန်းကိန်းမှာတော့ အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ ထိပ်ဆုံးနေရာတွေမှာ ရှိနေခဲ့ကြတာပါ။ လူဦးရေရဲ့ ၉၀% က အင်တာနက် သုံးစွဲနေသလို၊ ဆန်းသစ် တီထွင်မှုတွေနဲ့အတူ အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ တသီးပုဂ္ဂလ အသိုင်းအဝိုင်းရဲ့ နည်းပညာ အသုံးပြုမှုမှာ အဆင့်အတန်း မြင့်မားလှတဲ့ ဖင်လန်ကတော့ ထိပ်ဆုံးနေရာမှာ ဆက်လက် နေရာယူထားပြီး၊ စင်္ကာပူ၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဟာလည်း အဆင့် ၂ ကနေ ၆ အထိ မနှစ်ကတည်းက ရထားတဲ့ နေရာတွေမှာ ဆက်ရှိနေကြတာပါ။ မနှစ်က အဆင့် ၉ မှာရှိနေတဲ့ အမေရိကန် ပြည်ထောင်စုကတော့ အဆင့် ၇ ကို တက်လာခဲ့သလို၊ အာရှတိုက်က ဟောင်ကောင်ကတော့ မနှစ်က အဆင့် ၁၄ ကနေ ဒီနှစ်မှာ နံပတ် ၈ ကို ရောက်လာခဲ့ပြီး၊ တောင်ကိုရီးယား ကလည်း အဆင့် ၁၁ ကနေ ၁၀ ကို တဆင့်တက်ပြီး ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင် ဖြစ်လာပါတယ်။ ဒီနှစ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းလေ့လာခဲ့တဲ့ မြန်မာနိုင်ငံကတော့ နိုင်ငံပေါင်း ၁၄၈ နိုင်ငံအနက် ၁၄၆ အဆင့်မှာ ထည့်သွင်းထားတာပါ။

ကွန်ပြူတာ ကွန်ယက်ဆက်သွယ်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တခုဖြစ်တဲ့ Cisco ရဲ့ နည်းပညာ၊ ကုန်သွယ်ရေးနဲ့ အစိုးရမူဝါဒရေးရာဌာန ညွှန်ကြားရေးမှူး Jeff Campbell ကတော့ အပြိုင်အဆိုင် ဖြစ်လာနေတဲ့ ဒဂျစ်တယ်ခေတ်မှာ အမှီမလိုက်နိုင်တဲ့ တိုင်းပြည်တွေဟာ တိုးတက်မှုတွေမှာ နောက်ကျ ကျန်လိမ့်မယ်လို့ သတိပေးပါတယ်။
“အားလုံးက အခြေခံအဆောက်အအုံတွေ တိုးတက်အောင် ကြိုးစားနေကြတာပါ။ စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရတွေ ယန္တယားမှာ နည်းပညာကိုသုံးပြီး တိုးတက်အောင် လူတိုင်းက လုပ်နေကြတာပါ။ မြန်မြန်ဆန်ဆန် မလုပ်နိုင်တဲ့ တိုင်းပြည်ကတော့ လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ အနာဂတ်အတွက် ပြိုင်ဆိုင်မှု ဖြစ်တာကြောင့် သတင်းနဲ့ နည်းပညာ လုပ်ငန်းမှာတင် မကပါဘူး၊ နေရာတိုင်းမှာ မရှိမဖြစ် ဖြစ်လာနေတဲ့အတွက် အင်မတန်မှ လက်တွေ့ကျတဲ့ ကိစ္စပါ။”

ကမ္ဘာ့သတင်းနဲ့ နည်းပညာ အစီရင်ခံစာကိုတော့ တနေ့တခြား ကြီးထွားလာနေတဲ့ သတင်းနဲ့ နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ပြီး မူဝါဒရေးဆွဲသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြောင်းလဲလာနေတဲ့ ဈေးကွက်ပုံစံနဲ့ အလားအလာတွေကို တွက်ချက်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်က စတင်ပြုစုလာခဲ့တာပါ။ အစီရင်ခံစာ ပြုစုခဲ့တဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ထူးခြားချက်ကတော့ အရင်နဲ့ မတူပဲ ဒီကနေ့ခေတ်မှာ သတင်းအချက်အလက် အမြောက်အများကို တပြိုင်နက်တည်း ရယူနိုင်တာ ဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တန်ဘိုးရှိတဲ့ သတင်းအချက်အလက်တွေကို အသုံးချနိုင်အောင် ရှာဖွေစုစည်းနိုင်ဖို့ အတွက်ကတော့ ပညာဗဟုသုတနဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ လိုအပ်နေဆဲပဲလို့လည်း သတိပေးခဲ့တာပါ။
Cisco ကော်ပိုရေးရှင်းက Jeff Campbell ကတော့ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး အသုံးပြုရတဲ့ ကရိယာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာတင် မကပဲ အခုအခါ နေရာပေါင်းစုံမှာ တွင်ကျယ် လာနေတဲ့ သတင်းနဲ့ နည်းပညာတွေကို လက်တွေ့ အသုံးချနိုင်ရင် စီးပွားရေး ကဏ္ဍတိုင်းမှာ အကျိုးများနိုင်တယ်လို့ ပြောပါတယ်။
“စိုက်ပျိုးရေးလုပ်ငန်းမှာ အာရုံခံကရိယာတွေ အသုံးပြုတာမျိုး၊ မြေဆီလွှာမှာ စိုထိုင်းဆ ဘယ်လောက်ရှိသလဲ၊ နိုက်ထရိုဂျင်ဓာတ် ဘယ်လောက်ရှိသလဲ၊ မြေသြဇာ ဘယ်လောက်လိုမလဲ ဆိုတာကို ပြောနိုင်တာမျိုးပါ။ ရေရှားပါးတဲ့ ဒေသတွေမှာ ဆိုရင်လည်း ရနိုင်တဲ့ ရေအရင်းအမြစ်ကို စိုက်ပျိုးရေးမှာ ထိထိရောက်ရောက်သုံးပြီး အထွက်တိုးအောင် လုပ်နိုင်သလို၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ ဒါတွေအားလုံးအတွက် နည်းပညာ လိုပါတယ်။ သုံးနိုင်ရင် သုံးနိုင်သလောက်လည်း ထိရောက်နိုင်သလို၊ စီးပွားရေးမှာလည်း တိုးတက်ပြီး ကမ္ဘာကြီးတခုလုံးကိုလည်း ပြောင်းလဲ ပစ်နိုင်ပါတယ်။”

နည်းပညာတွေ ထွန်းကားလာရာက စီးပွားရေးပုံစံတွေ ပြောင်းလာတဲ့အထဲမှာ နေ့စဉ်သတင်းတွေ၊ မျက်မှောက်ရေးရာတွေ သဘောထား ထင်မြင်ချက်တွေကို တင်ပြနေကြတဲ့ သတင်းမီဒီယာ လောကမှာလည်း ရိုက်ခတ် လာနေတာပါ။ သတင်းမီဒီယာတွေ အနေနဲ့ ပရိတ်သတ်အဟောင်းတွေ နေရာမှာ အစားထိုး ဝင်လာနေတဲ့ ဒဂျစ်တယ်ခေတ် လူငယ်မျိုးဆက်တွေအတွက် ဝန်ဆောင်မှု ပုံစံတွေကိုလည်း ပြောင်းလဲလာကြရပါတယ်။ နာမည်ကျော် Newsweek မဂ္ဂဇင်းဟာ ဆိုရင်လည်း ၂၀၁၂ ခုနှစ်မှာ ဒဂျစ်တယ် သတင်းစာအဖြစ် ပြောင်းလဲ ထုတ်ဝေခဲ့တာပါ။

ဒါပေမဲ့လည်း သတင်းစာဖတ် ပရိတ်သတ် အနည်းအကျဉ်းကို ဆက်ထိန်းထားဖို့ ပုံနှိပ်သတင်းစာအဖြစ်နဲ့ မတ်လထဲမှာပဲ ပြန်လည် ထုတ်ဝေနေတဲ့အကြောင်း ပိုင်ရှင်သစ်ဖြစ်တဲ့ IBT Media ရဲ့ ညွှန်ကြားရေးမှူး Kate Gardiner ကပြောပါတယ်။
“လူဦးရေ အချိုးအစားမှာတော့ ဒီလူတွေက လူကြီးပိုင်းတွေပါ။ ချမ်းသာတဲ့သူတွေ၊ နိုင်ငံတကာ မူဝါဒရေးရာတွေနဲ့ စီးပွားရေး ကိစ္စမျိုးတွေနဲ့ ပတ်သက်ကြတဲ့သူတွေပါ။ ကျမတို့ရဲ့ အဓိက ပရိတ်သတ်ကတော့ လူမှုကွန်ယက်တွေပေါ်က လူငယ်တွေပါ။”
အင်တာနက် လူမှုကွန်ယက်တွေမှာ အပြန်အလှန် ဆက်သွယ်နေတာတွေ၊ ကမ္ဘာတဝှမ်းက ငွေကြေးလွှဲပြောင်းတာတွေလို နည်းပညာကို အခြေခံတဲ့ သတင်းအချက်အလက်တွေကနေ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ ထီလီယံလောက်အထိ တန်ဘိုးရှိတဲ့ စီးပွားရေး အလားအလာတွေ ရှိလိမ့်မယ်လို့ Cisco ကော်ပိုရေးရှင်းက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ အကျိုးအမြတ် ခံစားနိုင်ဖို့ အတွက်ကတော့ မူဝါဒရေးရာ ချမှတ်မှုတွေအပေါ် မူတည်လိမ့်မယ်လို့လည်း ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့သတင်းနဲ့ နည်းပညာ အစီရင်ခံစာ ပြုစုသူတွေက သတိပေးထားတာပါ။ မူဝါဒတွေ ချမှတ်ရာမှာလည်း သတင်းနဲ့ နည်းပညာ ကဏ္ဍမှာသာမက သဘာ၀ ပတ်ဝန်းကျင်၊ စီးပွားရေး လုပ်ကိုင်နိုင်မယ့် အခင်းအကျင်း၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်နိုင်မယ့် အစီအစဉ်တွေကိုပါ ထည့်သွင်း စဉ်းစားသွားဖို့ လိုအပ်မယ်လို့လည်း တိုက်တွန်းထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG