သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီး ပိုပူနွေးလာတာ လူသားတွေလက်ချက်


ပီရူးနိုင်ငံ၊ ဝါရ(Huaraz) ဒေသတွင်းကglacier ရေခဲပြင်အစွန်းရှိ ရေခဲဂူ။ (စက်တင်ဘာ ၁၉၊ ၂၀၁၃)
ပီရူးနိုင်ငံ၊ ဝါရ(Huaraz) ဒေသတွင်းကglacier ရေခဲပြင်အစွန်းရှိ ရေခဲဂူ။ (စက်တင်ဘာ ၁၉၊ ၂၀၁၃)
ကမ္ဘာကြီးပူနွေးလာစေတဲ့ အဓိကတရားခံဟာ လူသားတွေဖြစ်တယ်ဆိုတာ ပိုသေချာသွားတဲ့အပြင် ဒီရာစုနှစ်ထဲမှာလည်း ကမ္ဘာ့အပူချိန် ဆက်ပြီး မြင့်တက်နေဦးမယ်လို့ ရာသီဥတုဆိုင်ရာ ကုလသမဂ္ဂအဖွဲ့တခုက ပြောလိုက်ပါတယ်။

လူတွေကြောင့် ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ ၉၅ % သေချာတယ်လို့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို အစိုးရတွေကြား ချိတ်ဆက်ပြီး သိပ္ပံနည်းကျ လေ့လာနေတဲ့ IPCC အဖွဲ့က ဒီကနေ့ သောကြာနေ့မှာ တိုက်ရိုက်ကို ပြောလိုက်တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတုန်းက လူသားတွေကြောင့် ဖြစ်ပုံရတယ်လို့သာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့လေထုထဲမှာရော သမုဒ္ဒရာတွေထဲမှာပါ ပူနွေးလာတယ်၊ နှင်းတွေ ရေခဲတွေ ပျောက်ဆုံးကုန်ပြီ၊ ကမ္ဘာ့ရေမျက်နှာပြင်တွေလည်း မြင့်တက်လာတဲ့အပြင် ဖန်လုံအိမ် ဓာတ်ငွေ့တွေလည်း ပိုများလာတယ်လို့ အခု အစီရင်ခံစာသစ်ကို ရေးသားသူတယောက်က ပြောပြပါတယ်။

သက္ကရာဇ် ၂၁၀၀ မရောက်ခင် ကမ္ဘာကြီးရဲ့ ပျှမ်းမျှအပူချိန်ဟာ ဝ.၃ ကနေ ၄.၈ ဒီဂရီ Celsius အထိကို မြင့်တက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်တွေကလည်း ၂၆ စင်တီမီတာကနေ ၈၂ စင်တီမီတာအထိကို မြင့်တက်လာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ IPCC အဖွဲ့က ခန့်မှန်းပါတယ်။

အခုထုတ်ပြန်တဲ့ အစီရင်ခံစာကနေ ကမ္ဘာကြီးပူနွေးလာမှုလျှော့ပါးရေးကို အစိုးရတွေဆောင်ရွက်ဖို့ တွန်းအား ဖြစ်သင့်တယ်လို့ ရာသီဥတုပြောင်းလဲမှုကာကွယ်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။
XS
SM
MD
LG