သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်နဲ့ခရိုနီပေါင်း မြေယာသိမ်းမှု Global Witness ဖော်ထုတ်


Gun, Cronies and Crops (Photo-Global Witness)
Gun, Cronies and Crops (Photo-Global Witness)

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တိုင်းရင်းသားပိုင်လယ်ယာမြေတွေကို အစိုးရနဲ့စစ်တပ်က သိမ်းဆည်းပြီး စီးပွားဖြစ်လယ်ယာစိုက်ပျိုးဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပြန်လည်ငှားရမ်းခဲ့တယ်လို့ လန်ဒန်အခြေစိုက် Global Witness ကပြောလိုက်ပါတယ်။

လယ်ယာမြေဧကအများဆုံး သိမ်းပိုက်ခဲ့ချိန်ဟာ ၂၀၀၆ ခုနှစ်ကဖြစ်ပြီး ၂၀၁၃ခုနှစ်ကုန်ချိန်မှာ စုစုပေါင်းသိမ်းဆည်းပြီး ငှားရမ်းခဲ့တဲ့လယ်ယာမြေ ဧကပေါင်း (၅) သန်းကျော်ရှိတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

“Guns, Cronies and Crops”- ဆိုတဲ့ “သေနတ်၊ ခရိုနီနဲ့ ကောက်ပဲသီးနှံ” - ဆိုတဲ့ခေါင်းစဉ်နဲ့ Global Witness က မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ အစိုးရနဲ့စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို လေ့လာပြီး မတ်လ (၂၆) ရက်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့တာပါ။ အရှေ့မြောက်ပိုင်း တိုင်းရင်းသားဒေသမှာ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်း စစ်တပ်ကနေ လယ်ယာမြေဧက သန်းနဲ့ချီပြီး အတင်းအဓမ္မသိမ်းဆည်းခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်လည်ငှားရမ်းပြီး အမြတ်အစွန်းတွေယူခဲ့တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံကလယ်ယာမြေတော်တော်များများကို စစ်တပ်က သူတို့ရဲ့ကိုယ်ကျိုးခံစားဖို့အတွက် အတင်းအဓမ္မသိမ်းပိုက်ပြီး စီးပွားရှာနေတဲ့ကိစ္စတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပေမယ့် အစိုးရရော၊ ဖြေရှင်းမပေးနိုင်သေးဘူးလို့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“ြ်မန်မာနိုင်ငံတနိုင်ငံလုံးနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ လယ်ယာမြေအသိမ်းခံရတဲ့ပြဿနာက ဒီနေ့ အဓိကပြဿနာပဲ၊ လွှတ်တော်ကလည်း ဒီဟာကို တိတိကျကျ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသလို အစိုးရကလည်း အဲဒီဟာအတွက်ကို ကိုင်တွယ်ဖြေရှင်းပေးတယ်ဆိုတဲ့ တိတိကျကျအဖြေတခုတော့ မထုတ်နိုင်ဘူး။ စစ်တပ်တွေကလည်း လယ်ယာမြေတွေကိုသိမ်းတယ်လို့ ကျနော်တို့ တော်တော်များများ သိထားတယ်။ စစ်တပ်က စီးပွားရေးထူထောင်ပြီး လုပ်နေတာပေါ့ဗျာ။ အဲဒီတော့ ပုဂ္ဂလိက ပိုင်ဆိုင်အကျိုးခံစားခွင့်နဲ့ သူတို့ရဲ့တပ်မတော်အကျိုးခံစားခွင့်ကို အဓိကရည်ရွယ်ပြီးလုပ်နေတယ်၊ ကျနော်တို့က။”

Global Witness ရဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ၂၀၀၀ ပြည့်နှစ်လယ်ပိုင်းကစပြီး တိုင်းရင်းသားတောင်သူတွေရဲ့လယ်ယာမြေတွေကို စစ်တပ်နဲ့အာဏာပိုင်တွေကနေ အတင်းအဓမ္မသိမ်းပိုက်ခဲ့ပြီး သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးခရိုနီလုပ်ငန်းရှင်ကြီးတွေကိုငှားရမ်းပြီး ရာဘာလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီ မြေယာတွေကိုအတင်းအဓမ္မသိမ်းပိုက်ခဲ့တဲ့ကိစ္စမှာ စစ်တပ်၊ တခါ လက်ရှိစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်အပြင် လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ စိန်ဝတ်မှုန်ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း Global Witness ရဲ့စုံစမ်းမှုတွေအရ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး စိန်ဝတ်မှုန် ကုမ္ပဏီဟာ အရင် စစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်နေတဲ့ရာဘာလုပ်ငန်း ကုမ္ပဏီဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်အကုန်လောက်ရောက်ချိန်မှာ အတင်းအဓမ္မ သိမ်းယူထားတဲ့လယ်ယာမြေဧကပေါင်း(၅.၃) သန်းလောက်ရှိနေပြီး စီးပွားရေးကုမ္ပဏီတွေကို အာဏာပိုင်တွေကပြန်လည်ငှားရမ်းခဲ့တယ်လို့ဆိုပါတယ်။ အများစုကတော့ ရာဘာစိုက်ပျိုးရေးလုပ်ငန်းလုပ်နေကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် တောင်သူတွေဘက်က သူတို့စိုက်ပျိုးနေတဲ့မြေတွေအသိမ်းခံရချိန်မှာ လယ်ယာမြေအခွန်ဆောင်ထားတဲ့ ပြေစာဖြတ်ပိုင်းတွေကို ပြပေမယ့် ၉၈% လောက်ဟာ လျော်ကြေးမရခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

အခုလို တောင်သူတွေစိုက်ပျိုးလုပ်ကိုင်စားသောက်တဲ့လယ်ယာမြေတွေကို သိမ်းပိုက်ပြီး အခြားမြေယာတွေကို အစားထိုးပြန်မပေးနိုင်ဘူးဆိုရင် တောင်သူ လယ်သမား ပြဿနာဟာ ကြီးမားနေမှာဖြစ်တယ်လို့ ဦးအောင်သိန်းကပြောပါတယ်။

“သူတို့လယ်ယာမြေကို လိုအပ်ချက်အရ သိမ်းတယ်ဆိုရင် တခြားလယ်ယာမြေကို အကောင်အထည်ဖော်ပြီးတော့ သူတို့ လုပ်ပိုင်ခွင့်ပြန်ပေးဖို့လိုချင်တာပဲ။ ငွေကြေးပေးလို့ ငွေကြေးအပေါ်မှာလည်း သူတို့က ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့တတ်တာမဟုတ်ဘူး။ အဲဒီတော့ လယ်ယာမြေဟာ သူတို့ရဲ့ဘဝပေါ့နော်၊ လယ်ယာမြေက သူတို့ရဲ့အဓိကအားထားရာအလုပ်တခုဖြစ်တယ်။ အားထားရာလုပ်ငန်းတခုဖြစ်တဲ့အတွက် ဒီလယ်ယာမြေတွေကို သိမ်းယူပြီးတော့ အခြားလယ်ယာမြေကို ပြန်အစားထိုးမပေးနိုင်သရွေ့ကတော့ ဒီလယ်သမားပြဿနာတွေဟာ ရှိနေအုံးမှာပါပဲ။”

ခရိုနီစီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိန်ဝတ်မှုန်ကုမ္ပဏီဟာ လက်ရှိရှမ်းပြည်နယ်မှာ ရာဘာပင်စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေယာဧကပေါင်းများစွာ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

စိန်ဝတ်မှုန်ကုမ္ပဏီအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ Global Witness အနေနဲ့ ဒီနှစ်ဖေဖေါ်ဝါရီလက ကုမ္ပဏီကိုဆက်သွယ်မေးမြန်းရာမှာ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးမောင်မြင့်က ဒီစွပ်စွဲချက်တွေဟာ မှန်ကန်ခြင်းမရှိကြောင်းနဲ့ကောလဟာလသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအစီရင်ခံစာကိုပြုစုဖို့ လပေါင်း (၁၈) လကြာ အချိန်ယူခဲ့ရပြီး ရှမ်းပြည်အရှေ့မြောက် တရုတ်နိုင်ငံနယ်စပ်တဝိုက်က ဒေသတွေမှာ စုံစမ်းလေ့လာခဲ့တာ ဖြစ်ပြီး ရွာပေါင်း (၁၁) ရွာက တိုင်းရင်းသားတောင်သူပေါင်း (၁၂၄) ဦးကို လူတွေ့ မေးမြန်းခဲ့တာဖြစ်တယ်လို့ Global Witness ကပြောပါတယ်။ ဒါ့အပြင် အစိုးရတာဝန်ရှိသူတွေနဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေအပါအဝင် လူ (၂၀) ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဆွေးနွေးနေတဲ့အမျိုးသားမြေယာပေါ်လစီနဲ့ မြေယာအသုံးချမှုဆိုင်ရာ မူကြမ်းအသစ်ဟာ အာဏာပိုင်တွေ အရင်သိမ်းထားတဲ့ လယ်ယာမြေတွေကို စစ်တပ်နဲ့ခရိုနီတွေကပဲ အကျိုးခံစားခွင့်၊ ငွေချေးယူခွင့်၊ အခွန်ကင်းလွတ်ခွင့်ရမှာဖြစ်တယ်ဆိုတဲ့အချက်ပါနေတာကြောင့် နောက် ကြောင်းပြန်ဆွဲနေတဲ့ဥပဒေသာဖြစ်တယ်လို့ လူအခွင့်အရေးနဲ့ လယ်ယာမြေအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကလည်း ဝေဖန်ထောက်ပြထားပါတယ် ရှင်။

XS
SM
MD
LG