သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးရဲ့ အမေရိကန်ခရီးစဉ် နောက်ဆုံးနေ့


ခရစ်ယာန်ဘုန်းကြီးတွေက လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုမရှိစေရေးနဲ့ အကြီးအကဲတွေအနေနဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပေးရေး အားထုတ်လုပ်ဆောင်မှုမရှိအောင် သတိထား စောင့်ကြည့်သွားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ရိုမန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို မိန့်ကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု Philadelphia မြို့မှာ ဒီကနေ့ရိုမန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီး Francis တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ခရစ်ဘုန်းတော်ကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိုခံခဲ့ရသူတွေနဲ့ ဒီသီတင်းပတ်ကုန်မှာ သူ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့အဖြစ်ကို ဘုရားသခင်က စာနာရတယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။ လူငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ တာဝန်ယူကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ မနက် ရိုမန်ကက်သလစ် ဂိုဏ်းအုပ်တွေကို အသေအချာ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ၆ ရက်ကြာ ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ အဖြစ် ရိုမန် ကက်သလစ် အသင်းတော်အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့မှာတော့ Philadelphia မြို့က အကျဉ်းထောင်တခုဆီကို သွားရောက်မှာဖြစ်သလို လူအများပါဝင်နိုင်မယ့် မြို့လယ်က ဝတ်ပြုဆုတောင်းပွဲမှာ ဦးဆောင် ဝတ်ပြုသွားမှာဖြစ်ပါတယ်။ Curran-Fromhold အကျဉ်းထောင်မှာ အကျဉ်းသား ၁၀၀ လောက်ကို ပုပ်ရဟန်းမင်းကြီး တေ့ွဆုံမှာဖြစ်ပါတယ်။

ဆင်းရဲသားတွေ၊ ရွှေ့ပြောင်းအခြေချသူတွေ အကျဉ်းသားတွေအပါအဝင် အမေ့ခံ ဘေးဖယ် ကျဉ်ခံထားရသူတွေအပေါ် အသင်းတော်ရဲ့ အာရုံစိုက်မှုပိုပြီးရအောင် ဆောင်ရွက်တဲ့အနေနဲ့ ခုလို အကျဉ်းထောင်ကို သွားရောက်မှာဖြစ်ပါတယ်။ အကျဉ်းသားတွေက သူတို့ကိုယ်တိုင် လက်နဲ့ လုပ်ထားတဲ့ ပလ္လင်ပုံ သစ်ကြားသားထိုင်ခုံတခုကို ပုပ်ရဟန်းမင်းကြီးကို ပေးဖို့ စီစဉ်ထားပါတယ်။

အဲဒီနောက်မှာတော့ Philadelphia မြို့လယ်ကBenjamin Franklin Parkway လမ်းမကြီးပေါ်မှာလုပ်မဲ့ ဝတ်ပြုဆုတောင်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။စနေနေ့ ညပိုင်းက မိသားစုပွဲတော်ဆီအသွား အဲဒီလမ်းမကြီးပေါ်ကနေဖြတ်သွားစဉ် လူအမြောက်အများ ပုပ်ရဟန်းမင်းကြီးကို စောင့်ဆိုင်း နှုတ်ဆက်ခဲ့ ကြပါတယ်။

မိသားစုပွဲတော်မှာ ကမ္ဘာ့နေရာစုံက မိသားစုဝင်တချို့က မိသားစုမေတ္တာနဲ့ အသင်းတော်အပေါ် ယုံကြည် ကိုင်းရှိုင်းတဲ့အကြောင်းတွေကို ပုပ်ရဟန်းမင်းကြီးကို လာရောက်ပြောပြခဲ့ကြပါတယ်။ အတီးအမှုတ် ဖျော်ဖြေသီဆိုမှုတွေ ပါဝင်တဲ့ အဲဒီအခမ်းအနားမှာ မိသားစုမေတ္တာရဲ့ အလေးအနက်ကို ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားခဲ့ပါတယ်။

XS
SM
MD
LG