မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး မစ္စတာ Goh Chok Tong ဟာ နေပြည်တော်ကို အင်္ဂါနေ့က ရောက်ရှိခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ရော တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
သမ္မတဦးထင်ကျော်နဲ့ မစ္စတာ Goh တို့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ့ တိုးတက်ရေးအတွက် စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာ တွေကို ဆွေးနွေးခဲ့တယ်လို့ စင်္ကာပူနိုင်ငံခြားရေး ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတဦးထင်ကျော်က စင်္ကာပူနိုင်ငံရဲ့ မြန်မာအပေါ် မိတ်ဆွေအဖြစ် ခိုင်ခိုင်မြဲမြဲ ရပ်တည်မှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို မစ္စတာ Goh ကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်အကူညီပေးမှာ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့တာပါ။
မစ္စတာ Goh နဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံပွဲမှာတော့ မြန်မာနိုင်ငံ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် စင်္ကာပူက ဘယ်လိုဆက်ပြီး ပံ့ပိုးပေးနိုင်တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။
မစ္စတာ Goh နဲ့ အတူ စင်္ကာပူ ဥပဒေပြု အမတ်တွေ ဖြစ်တဲ့ Zaqy Mohamad နဲ့ Joan Pereira တို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေလည်း လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Goh ဟာ ကြာသပတေးနေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်စာ စားသုံးရင်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်တဲ့အပြင် လွှတ်တော်ရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
စင်္ကာပူ- မြန်မာ သက်မွေးပညာ သင်တန်းကျောင်း SMVTI ကို လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံကို လွှဲပြောင်းပေးမယ့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မတ်လ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပရာမှာ စင်္ကာပူ နိုင်ငံရဲ့ ဂုဏ်ထူးဆောင် အကြီးတန်းဝန်ကြီး Goh Chok Tong တက်ရောက်ခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းအတွက် ငွေကြေးထောက်ပံ့မှုနဲ့ စီမံခန့်ခွဲမှုတွေကို မြန်မာ အစိုးရက တဖြေးဖြေး လွှဲပြောင်းရယူမှာ ဖြစ်ပြီး တချိန်ထဲမှာပဲ ဒီကျောင်းရဲ့ ဝန်ထမ်းတွေကိုယ်တိုင် ကျောင်းစီမံအုပ်ချုပ်ရေးမှာ စင်္ကာပူနိုင်ငံက အကူညီပေးတဲ့ အနေနဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုစွမ်းရည် တွေကို ဆက်လက်ပံ့ပိုးပေးနေမှာ ဖြစ်ပါတယ်။
SMV TI ကျောင်း မှာ ဧည့်ကြိုနဲ့ ခရီးသွားလုပ်ငန်း၊ လျှပ်စစ်နဲ့ လုပ်ငန်း ဆိုင်ရာကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုနဲ့ အင်ဂျင်နီယာ ဝန်ဆောင်မှုတွေ အပြင် ဘွဲ့ရတွေအတွက် သူတို့ ရတဲ့ ဘွဲနဲ့ ကိုက်ညီမယ့် အလုပ်ခွင်သင်တန်းတွေ သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒီကျောင်းက ဘွဲရသူ ၇၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဒီအထဲက ၆၆ % ဟာ ဘွဲ့ရပြီးတာနဲ့ အလုပ်ခွင်ထဲ တန်းရောက်သွားတာ ဖြစ်ပါတယ်။ သင်တန်းမှာ အဆင့်ထိပ်ဆုံးက အောင်မြင်သူ ဘွဲ့ရ ဆယ်ဦးဟာ အခု စင်္ကာပူမှာ လုပ်ငန်းခွင် လေ့ကျင့်မှုတွေ ဆင်းနေကြပါတယ်။