သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေဈေး အနည်းငယ်ကျပေမယ့် မတည်ငြိမ်သေး


ရန်ကုန်မြို့၊ တရုတ်တန်းဈေးက ရွှေဆိုင်
ရန်ကုန်မြို့၊ တရုတ်တန်းဈေးက ရွှေဆိုင်

{Zawgyi/Unicode}

မြန်မာ့ရွှေဈေးဟာ တကျပ်သားကို ကျပ် ၂၂ သိန်းအထိ အများဆုံး တက်ခဲ့ပြီးတဲ့နောက် တဖြည်းဖြည်း ပြန်ကျလာပြီး ကျပ် ၁၉ သိန်းဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေဦးမယ်လို့ ရွှေဈေးကွက် ကျွမ်းကျင်သူ တွေက ခန့်မှန်းလိုက်ပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းက အမေရိကန် ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးအတိုင်း အပြောင်းအလဲရှိပေမဲ့ လက်ရှိအနေအထားမှာ ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ကျပ်ငွေတန်ဖိုးအပေါ်မှာလည်း အဓိက မူတည်နေလို့ ဒီထက်မကျနိုင်သေးဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်တာပါ။ ရန်ကုန်ပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ကမ္ဘာ့ရွှေဈေးအတက်အကျက တရက်တည်းမှာ အပြောင်းအလဲမြန်နေသလို အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းကလည်း မတည်ငြိမ်တဲ့အတွက် မြန်မာ့ရွှေဈေးနှုန်းက မတည်ငြိမ်တဲ့အခြေအနေမှာ ရှိကြောင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကထက် ကျသွားတယ်ဆိုပေမဲ့ တောက်လျှောက်ဆက်ပြီးကျသွားနိုင်တဲ့ အခြေအနေကတော့ မရှိနိုင်သေးဘူးလို့ သူက ပြောတာပါ။

“လောလောဆယ်ကတော့ ပစ္စလက်ခတ်တော့ မကျနိုင်သေးဘူးဗျ။ အရင်တုန်းက ( ရွှေဈေး) ၁၃ သိန်းတို့ ဘာတို့ဆိုတာ ဒေါ်လာဈေးကလည်း ၁,၃၀၀ လောက်ပဲရှိတယ်၊ ကမ္ဘာ့ရွှေဈေးကလည်း ၁,၆၀၀ လောက်ပဲရှိတယ်၊ ဒီ ၁၃ သိန်းတို့၊ ၁၄ သိန်းတို့ အချိန်တုန်းကပေါ့။ အခုက ဒေါ်လာဈေးကလည်း အဲလောက် ပြန်ပြီးတော့ လောလောဆယ် မကျနိုင်သေးဘူး။ ကျနော်တို့ ပို့ကုန်တွေက အခုမှ ပို့ကြတုန်း ရှိသေးတယ်။ ပို့ကုန်တွေဝင်လာရင်၊ ရာသီဥတုလည်း ကောင်းသွားပြီဆိုရင်တော့ သူ့ဟာသူ အဆင်ပြေသွားမှာပါ။”

အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းဟာ အောက်တိုဘာ ၅ ရက်မှာ တကျပ်သားကို ကျပ် ၁,၈၄၀,၀၀၀ လောက် ကျဆင်းသွားပေမဲ့ ဒီနေ့ အောက်တိုဘာ ၆ ရက်မှာတော့ ကျပ် ၁,၉၃၀,၀၀၀ ကို ပြန်ရောက်လာပါတယ်။ အမေရိကန်ဒေါ်လာကလည်း မနေ့က ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၁,၉၅၀ ကျပ်ကနေ ၂,၁၀၀ ကို ပြန်ရောက်သွားပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း မနေ့က တရက်တည်းမှာတင် တအောင်စကို ၁,၇၄၀ ဒေါ်လာကနေ ၁,၇၆၀ ကို ပြန်တက်သွားတာပါ။ ဒီနေ့အောက်တိုဘာ ၆ ရက်မှာတော့ အမေရိကန် တဒေါ်လာကို ၁,၉၇၇ ကျပ်နဲ့ ဗဟိုဘဏ်က ဈေးသတ်မှတ်ထားပါတယ်။ ပြင်ပ ငွေလဲကောင်တာတွေမှာတော့ တဒေါ်လာရောင်းဈေးက ၂,၂၇၀ ကျပ်ဖြစ်ပါတယ်။

အရင်က ပြည်တွင်းရွှေဈေးအပြောင်းအလဲက ဒေါ်လာဈေး၊ ကမ္ဘာ့ရွှေဈေးကိုပဲ အဓိကထား ကြည့်ရပေမဲ့ အခုတော့ ပြည်တွင်းနိုင်ငံရေး အခြေအနေတွေပါ ထည့်တွက်ရကြောင်း ရွှေဈေးကွက် အကြံပေးတဦးဖြစ်တဲ့ မနေခြည်ထိုက် က ပြောပါတယ်။

“အခုရွှေဈေး တက်တာကျတော့ အရင်လိုတော့ မဟုတ်တော့ဘူးပေါ့၊ အရင်တုန်းက ကမ္ဘာ့ရွှေတွေ ဘာတွေနဲ့အကုန် တိုက်ရိုက် ဆက်သွယ်နေတာလေ။ အခုက နိုင်ငံရေးတွေ ဘာတွေကြောင့်မို့ ရွှေဈေးက ထိုးတက်ရင်လည်း တက်သွားနိုင်သလို ကျရင်လည်း ကျသွားနိုင်တယ်ပေါ့။ လက်ရှိ မြန်မာ့ရွှေဈေးကတော့ နိုင်ငံရေး အပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတာပါရှင့်။”

ရွှေဈေးဟာ စက်တင်ဘာလကုန်ပိုင်းမှာ တကျပ်သားကို ကျပ် ၂,၂၀၀,၀၀၀ အထိအမြင့်ဆုံး တက်ခဲ့ပြီး အောက်တိုဘာ အစမှာ ၁၉ သိန်းဝန်းကျင်ကို ပြန်ကျလာတာပါ။ ရွှေဈေးတည်ငြိမ်ဖို့အတွက် ရွှေလုပ်ငန်းရှင် ၄ ဦးပေါင်းပြီး တရက်ကို ရွှေ ပိဿာ၂၀ထုတ်ရောင်းပေးဖို့လည်း ရွှေလုပ်ငန်းရှင်တွေက ညှိနှိုင်းထားကြတာပါ။ ရွှေဈေးကတော့ ၁၉ သိန်းဝန်းကျင်မှာပဲ အတက်အကျ ဆက်ဖြစ်နေလိမ့်မယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


======

{Unicode}









#MyanmarEconomy #GoldPrice #MyanmarMarket #VOABurmese


XS
SM
MD
LG