သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကမ္ဘာလုံးဆု ချီးမြင့်ပွဲ ကျင်းပ


 Golden Globes ဆုပေးပွဲမှာ အကောင်းဆုံး Drama ရုပ်ရှင် ဇတ်ကားဆုကို ''Bohemian Rhapsody" ရရှိ
Golden Globes ဆုပေးပွဲမှာ အကောင်းဆုံး Drama ရုပ်ရှင် ဇတ်ကားဆုကို ''Bohemian Rhapsody" ရရှိ

အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၇၆ ကြိမ်မြောက် Golden Globes ဆုပေးပွဲမှာ အကောင်းဆုံး Drama ရုပ်ရှင် ဇတ်ကားဆုကို ''Bohemian Rhapsody" ရရှိသွားပါတယ်။ ၁၉၇၀ ပြည့်နှစ်ပိုင်းတွေကစလို့ ဒီနေ့အထိနာမည်ကျော်တဲ့ ဗြိတိန် Rock တေးဂီတအဖွဲ့ Queen အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Drama ရုပ်ရှင်ကားအတွက် အကောင်းဆုံး မင်းသားဆုကလည်း Queen ဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury လိုသရုပ်ဆောင်ခဲ့ Rami Malek ကရရှိသွားပါတယ်။ အကောင်းဆုံး မင်းသမီးဆုကိုတော့ The Wife ရုပ်ရှင်ကားမှာသရုပ်ဆောင်တဲ့ Glenn Close ကရရှိသွားပါတယ်။ မင်းသား Bradley Cooper နဲ့ အဆိုတော် Lady Gaga သရုပ်ဆောင်တဲ့ A Star is Born ရုပ်ရှင်က အကောင်းဆုံး မင်းသား၊ မင်းသမီး၊ ဒါရိုက်တာ၊ ဇတ်ကားဆုတွေရမယ်လို့ ခန့်မှန်းချက်တွေ ထွက်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဟာသ ဒါမှမဟုတ် ဂီတအသားပေး Musical film အတွက် အကောင်းဆုံးရုပ်ရှင်ဆုကိုတော့ Green Book ရုပ်ရှင်က ရသွားပါတယ်။ အမေရိကန်မှာ လူ့ဖြူ လူမည်းခွဲခြားတဲ့ ၁၉၆၀ ပြည့်နှစ်ပိုင်းက အခြေအနေကို ကြောရိုးခံပြီး တောင်ပိုင်းမြို့တွေကို လှည့်လည်ဖျော်ဖြေတဲ့ African-American စန္ဒာယားဆရာနဲ့ သူ့ရဲ့ လူဖြူယာဉ်မောင်းတို့အကြောင်း ရိုက်ကူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

အာရှသရုပ်ဆောင်တွေ အဓိကသရုပ်ဆောင်တဲ့ Crazy Rich Asians ရုပ်ရှင်ကား ဒီကဏ္ဍမှာ စကာတင်ရွေးခံခဲ့ရပေမဲ့ ဆုမရခဲ့ပါဘူး။ Golden Globes အဓိကဇတ်ဆောင် မင်းသမီးဆုတွေအတွက် ဇကာတင်ရွေးခံရသူတွေထဲမှာ Crazy Rich Asians ရုပ်ရှင်ထဲက မင်းသမီး Constance Wu ပါဝင်ခဲ့ပြီး ဒါဟာ ၄၄ နှစ်အတွင်း ပထမဆုံး အာရှအမျိုးသမီးတယောက် ဇကာတင်ရွေးခံရတာလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် Golden Globes မှာအကောင်းဆုံး ဒါရိုက်တာဆုကိုတော့ Roma ရုပ်ရှင်ကိုရိုက်ကူးတဲ့ Alfonso Cuaron (ကွယ်ရွန်) က ရရှိသွားပါတယ်။ Hollywood ရုပ်ရှင်လောကမှာ လူဖြူတွေသာ လွှမ်းမိုးနေတာမျိုးမဟုတ်ဘဲ လူမျိုး၊ အသားအရောင်မျိုးစုံ ပိုပြီးနေရာရလာဖို့နဲ့ သရုပ်ဆောင်အမျိုးသမီးတွေကလည်း သရုပ်ဆောင်အမျိုးသားတွေ တန်းတူ ပိုပြီး အသိအမှတ်ပြုခံရရေးအတွက် ဆုရရှိသူတချို့က ဆုလက်ခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြား တိုက်တွန်းသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG