သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်


ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်
ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်

မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်က ရွှေတြိဂံနယ်မြေကို ဗဟိုပြုပြီး မြေငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ပြင်းအား ၇ ရှိတဲ့ ဒီမြေငလျင်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ နေပြည်တော် အပါအဝင် မြို့တော်တော်များများက သိရှိ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက် ဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ မြေငလျင်တခု ဒီကနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ မိုင် ၇၀ အကွာ အနက် ၆ မိုင် ဖြစ်တယ်လို့ USGS လို့ခေါ်တဲ့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက စာထုတ်ပြန်ပါတယ်။ ဒီငလျင်လှုပ်တာကို မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ခံစားသိလိုက်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ ထိစပ်တဲ့ မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မယ်ဆိုင် စတဲ့ ဒေသတွေမှာလည်း ရိုက်ခတ်ခဲ့တာ ရှိတယ်လို့ မယ်ဆိုင်မြို့ခံ တယောက်က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အခု အိမ်အပြင်မှာ ရပ်နေကြတယ်။ အိမ်ထဲကို ဘယ်သူမှ မဝင်ရဲကြဘူး၊ ဒီတဝိုက်လုံးမှာ။ မယ်ဆိုင်မှာ ကျနော်တို့က ရှိနေတာလေ။ ငလျင်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို လှုပ်တယ်။ အိမ်တွေ ဘာတွေဆို လုံး၀ တုန်သွားတာ။ တမြို့လုံးလိုလို အခု ဒီမှာ လူတွေက အိမ်အပြင်မှာပဲ ရောက်နေကြတယ်။ အဲဒီအချိန်မှာ အနည်းဆုံး လေးငါးမိနစ်လောက်ကို ကောင်းကောင်းကြီး လှုပ်ပြီးတော့မှ ရပ်သွားတယ်။ ရပ်သွားပြီး ခဏနေတော့ နောက်တခါ ပြန်လှုပ်တယ်။ လှုပ်ပြီး နည်းနည်းလေး ငြိမ်ပြီးတော့မှ အခုတခါ မိနစ်ပိုင်းလေးလောက်မှာ နောက်တခါ ပြန်လှုပ်တယ်။”

စက္ကန့်အပိုင်းအခြားတွင်း ၃ ကြိမ်လောက် ဆက်တိုက်လှုပ်ခဲ့ပေမဲ့ ပထမအကြိမ်လောက်တော့ မပြင်းဘူးလို့လည်း ပြောပါတယ်။ ဒီငလျင်ကြောင့် အခုချိန်ထိ ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့လည်း မယ်ဆိုင် ဒေသခံက ပြောပါတယ်။

“ပထမတော့ တော်တော်ပြင်းတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လျော့သွားပြီ။ အပျက်အစီးတော့ ရှိနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အပြင်အထိ သိပ်မကြည့်ဘူးပေါ့။ အနီးအနားမှာ မြင်တာတော့ တချို့အိမ်တွေရဲ့ အပေါ်က ခေါင်မိုးအောက်မှာ မပူအောင် ၃ ပြားထည့်ထားတာ၊ အဲဒါတွေ ပြုတ်ကျတာတွေတော့ ဒီအနီးအနားလေးမှာ နည်းနည်းတွေ့တယ်။ အခုထိတော့ ဘာမှ မကြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေက တော်ရုံတန်ရုံ ဆက်လို့မရဘူး ဖြစ်နေတယ်။”

အလားတူ လွိုင်ကော်မြို့မှာလည်း တမိနစ်ကျော်လောက် ငလျင်လှုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။

“ခုနတုန်းကတော့ မကြာလိုက်ဘူးပေါ့။ တမိနစ်နီးပါးလောက် ရှိမယ်ထင်တာပဲ။ နည်းနည်းလေး သိသိသာသာလေးတော့ လှုပ်သွားတယ်။ ထိုင်နေရင်လည်း ခုံတွေက လှုပ်သွားတယ်။ ပုလင်းတွေ ဘာတွေဆိုလည်း လှုပ်သွားတယ်။ သိသာသွားတယ်ပေါ့။ ၈ နာရီ ၁၅ မိနစ်လား ၂၀ လား၊ အဲဒီလောက်တော့ ရှိမယ်။ အဲဒီဝန်းကျင်လောက်မှာ ရှိမယ်။ အပျက်အစီး ထိခိုက်တာတော့ မရှိလောက်ဘူးလို့ ထင်တာပဲ။ တအား ပြင်းထန်တာတော့ မဟုတ်ဘူး။ သိသာတယ်၊ အဲဒီတခုလောက်ပဲ။”

ဒီကနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ နောက်ပိုင်းမှာ ငလျင်လှုပ်ခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံအတွင်းက ဒေသခံတချို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မယ်ဆိုင်မြို့မှာ နောက်ဆက်တွဲ လှုပ်ခတ်မှုတချို့ကို ခံစားရတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ တာချီလိတ်မှာလည်း ငလျင်လှုပ်ခတ်တဲ့အတွက် အိမ်ပြင်မှာ ထောင်ထားတဲ့ မော်တော်ဆိုင်ကယ်တွေ လဲပြိုကျတဲ့အထိ ဖြစ်ခဲ့သလို မီးတွေလည်း ပြတ်တောက်သွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။

XS
SM
MD
LG