သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံနယ်မြေ ငလျင်ကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံး


ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံမှ လူနာများအား ဘေးလွတ်ရာသို့ သယ်ထုတ်လာစဉ်။ မတ် ၂၄၊ ၂၀၁၁။
ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ချင်းရိုင်ဆေးရုံမှ လူနာများအား ဘေးလွတ်ရာသို့ သယ်ထုတ်လာစဉ်။ မတ် ၂၄၊ ၂၀၁၁။

မြန်မာ၊ ထိုင်းနဲ့ လောနိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် ထိုင်း၊ မြန်မာနယ်စပ်က မယ်ဆိုင်မြို့မှာ လူတယောက် သေဆုံးခဲ့ရပြီး တာချီလိတ်မြို့မှာလည်း အနည်းဆုံး ကလေးတယောက် သေဆုံးပြီး ၆ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ တာချီလိတ်မြို့မှာ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် လူတွေဟာ အိမ်အထဲမှ လမ်းမတွေပေါ်မှာ ထွက်နေကြရပါတယ်။ ကြာသပတေးနေ့ ညဦးပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နဲ့ မိုင် ၇၀ လောက်အကွာ ရွှေတြိဂံဒေသကို ဗဟိုပြုပြီး မနေ့ည ၈ နာရီခွဲလောက်က အင်အားပြင်းထန်တဲ့ ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျင်တွေရဲ့ ပြင်းအားကိုတော့ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ပြင်းအားအဆင့် ရစ်ချ်စတာစကေး ၇ ရှိတယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာတော့ ထိုင်း မိုးလေဝသ ဌာနက ပြင်းအား ၆.၈ ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနယ်စပ်က မြန်မာနိုင်ငံ တာချီလိတ်မြို့မှာတော့ ကလေးတယောက် သေဆုံးပြီး လူ ၆ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကလေးတယောက် သေတယ်။ နောက် လူ ၆ ယောက်လောက် ဆေးရုံမှာ ဒဏ်ရာနဲ့ ရောက်နေတယ်။”

ဒီလို သေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ငလျင်လှုပ်ပြီးနောက်ပိုင်း တာချီလိတ်မြို့မှာ တယ်လီဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။ တာချီလိတ်မြို့နဲ့ ကပ်လျက်တည်ရှိတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာလည်း အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ မယ်ဆိုင်မှာ နေထိုင်နေသူ တယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ အနီးအနားမှာတော့ အထိအခိုက် မရှိဘူး။ ကျနော်တို့နဲ့ နည်းနည်းလေးဝေးတဲ့ နေရာက ဗလီရှိတဲ့ ရပ်ကွက်မှာက အုတ်နံရံတခု ပြိုကျသွားပြီး လူတယောက်သေတယ်။ မယ်ဆိုင်မှာ လူတယောက်သေတယ်။ အမျိုးသမီး တယောက်ပဲ။ ဒါ ဒီအနီးအနားကပဲ ကြားသေးတာပေါ့နော်။ ကျန်တဲ့နေရာတော့ မသိသေးဘူး။ ဘာလို့လဲဆိုတော့ ဒီမှာ ညကလည်း ၁၀ နာရီ၊ ၁၁ နာရီ ဖြစ်နေတာ ဆိုတော့လေ။ တော်ရုံတန်ရုံ ဘယ်သူမှလည်း မပြင်မထွက်ကြတော့ မပြောနိုင်သေးဘူးလေ၊ ဘယ်နားမှာ ဘာဖြစ်တယ်ဆိုတာ။”

ငလျင်ကြီး ၂ ကြိမ် လှုပ်ပြီးတဲ့နောက်မှာ ငလျင်ငယ်လေးတွေ ဆက်တိုက်လှုပ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“၂ ကြိမ်မှာ ပထမတကြိမ်က တော်တော်ပြင်းပြင်းထန်ထန် လှုပ်ပြီးတာနဲ့ ခဏလေးနေတော့ နောက်တကြိမ် ထပ်လှုပ်တယ်လေ။ ထပ်လှုပ်ပြီးတဲ့ အပြင်ကို အခုထိလည်း တချက်တချက် လှုပ်တုန်းပဲ။ ကျနော်တို့ဆို အပြင်မှာပဲ၊ အထဲမှာ ထိုင်မနေရဲဘူးပေါ့။ အခုထက်ထိ ဆိုရင်က ၄ ကြိမ်လောက် ရှိနေပြီ။”

မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်လောက်မှာလည်း အတော်အတန် ပြင်းအားရှိတဲ့ ငလျင်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့တာကိုတော့ တာချီလိတ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ငလျင်တွေ တအားလှုပ်နေတယ်။ ခုနလေးပဲ လှုပ်သွားတယ်။ ၈ နာရီ ၂၀ လောက်ကနေ စလှုပ်တာပေါ့။ အိမ်တွေ တော်တော်များများ တုန်ခါသွားတာပေါ့။ စံစိုင်းမှာဆို အိမ်တအိမ် အက်သွားတာပေါ့၊ တိုက်ကြီးက။ ညတွင်းချင်းတော့ ဘယ်မှ မသွားရဲဘူး။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေ၊ လမ်းဘေးမှာ တက်ထိုင်နေကြတာပဲ။ ၈ နာရီလောက်မှာ အပြင်းဆုံး တကြိမ်၊ နောက်တခါ ၉ နာရီလောက်မှာ တကြိမ်၊ နောက်တော့ အသေးလေးတွေ အသေးလေးတွေ လှုပ်ပြီး ခု ခဏလေးပဲ ၂ မိနစ်လောက်ပဲ ရှိသေးတယ်။ နည်းနည်း ပြင်းပြင်းတချက် လှုပ်သွားပြန်တယ်။ အခုလှုပ်နေတယ် အခုလှုပ်နေတယ်။ တအားနဲ့ လှုပ်နေတယ်။ တအားပြင်းတယ် တအားပြင်းတယ် အခု။ လူတွေ အကုန်ပြေးဆင်းကုန်ပြီ။ အကုန် လမ်းမပေါ်ရောက်နေပြီ။”

ဒီလှုပ်ခတ်မှုကတော့ ပထမဆုံးအကြိမ် လှုပ်ခတ်တာလောက် မပြင်းဘူးလို့ မယ်ဆိုင်မှာ နေထိုင်သူက ပြောပါတယ်။

“ပထမဆုံး ဖြစ်တာထက်စာရင် နည်းနည်းတော့ နည်းတယ်။ ဒါပေမဲ့ ပြင်းတော့ ပြင်းတယ်။ စက္ကန့်ပိုင်းလေးပဲ ဖြစ်ပြီးတော့ ငြိမ်သွားတယ်။ ဒါပေမဲ့ အောက် မြေကြီးက အခုထက်ထိ တုန်နေတုန်းပဲ။”

ဒါကတော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲလောက်က ဖြေဆိုသွားတာ ဖြစ်ပါတယ်။

ဒီလို မြေငလျင်တွေ ဆက်တိုက်လှုပ်ခဲ့တာကြောင့် တာချီလိတ်နဲ့ မယ်ဆိုင်က ဒေသခံတွေဟာ အိမ်အတွင်းမှာ မအိပ်ရဲဘဲ လမ်းမတွေပေါ်မှာ အိပ်နေကြရပါတယ်။

ရွှေတြိဂံဒေသမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ တရုတ်၊ မြန်မာ နယ်စပ်က ရွှေလီ၊ မြန်မာပြည် အလယ်ပိုင်းက စစ်ကိုင်း၊ ကယားပြည်နယ် လွိုင်ကော်၊ ပဲခူးမြို့ကြီးတွေအပြင် ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ဘန်ကောက်မြို့တွေမှာလည်း သက်ရောက်မှု ရှိခဲ့ပါတယ်။ အခုဖြစ်တဲ့ ငလျင်ဟာ ကုန်းတွင်းပိုင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ဆူနာမီ သတိပေးချက်တွေတော့ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။

XS
SM
MD
LG