သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google အကြီးအကဲ မြန်မာခရီး ITလုပ်ငန်းရှင်တွေကြိုဆို


Google အကြီးအကဲ မစ္စတာ အဲရစ်ရှမစ် (Eric Schmidt)။
Google အကြီးအကဲ မစ္စတာ အဲရစ်ရှမစ် (Eric Schmidt)။
ကမ္ဘာပေါ်မှာ IT သတင်းနည်းပညာ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Google ရဲ့ အကြီးအကဲ ဟာ မြန်မာနိုင်ငံကို ဒီအပတ်ထဲလာရောက်ဖို့ ရှိနေပါတယ်။ Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် (Eric Schmidt) ကိုယ်တိုင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ အင်တာနက် သတင်းနည်းပညာကိစ္စ လာရောက်ဖလှယ်မှာမို့ အများက အထူးစိတ်ဝင်စားပြီး စိတ်လှုပ်ရှားနေကြတယ်လို့ ကွန်ပြူတာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခုလို Google ဥက္ကဋ္ဌ ကိုယ်တိုင်လာတာကြောင့် ဘယ်လိုအလားအလာတွေ မြန်မာနိုင်ငံအတွက် ရှိနေပါလဲ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် စတင်လွတ်လပ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ အဓိကသုံးနေရတဲ့ Google အင်တာနက်လုပ်ငန်းရဲ့ ဦးဆောင်သူကိုယ်တိုင် သောကြာနေ့ မှာ ဆွေးနွေးပြောဆိုဖို့ရှိနေတာမို့ အများက စိတ်ဝင်တစား စိတ်လှုပ်ရှားနေတယ်ကြတယ်လို့ ဒီဆွေးနွေးပွဲမှာ ဦးဆောင်မေးမြန်းဆွေးနွေးပေးမယ့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ကိုသောင်းစုငြိမ်းက ဆိုပါတယ်။

“ကျနော်တို့ ဒီမှာတော့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အစကတော့ ကိုယ်ကတော့ IT သမားဖြစ်တဲ့အတွက် ဒီလိုမျိုး Google က ဥက္ကဋ္ဌလာတယ်ဆိုတော့ ကျနော်တို့ စိတ်ဝင်စားတယ်လေ။ ဒါပေမဲ့ အခုဟာက အိုင်တီမဟုတ်တဲ့ တခြားနယ်ပယ်က လူတွေကပါ သူတို့လည်း တက်မယ် ဒီပွဲကို တက်ခွင့်ရှိလား။ သူတို့ကိုလည်း ဖိတ်စာပို့ပေးဦးဆိုပြီး လာပြောနေတာအများကြီးပဲ။ နိုင်ငံခြားသားတွေပါ ပါတယ်။ အားလုံးက ဒီမှာ ဒါကို အရမ်းစိတ်လှုပ်ရှားနေကြတယ် ဆိုတော့ ကျနော်တို့လည်း ဝမ်းသာပါတယ်။”

Google ကုမ္ပဏီဥက္ကဋ္ဌ အဲရစ်ရှမစ် အနေနဲ့ ရန်ကုန် လှိုင်တက္ကသိုလ်မှာရှိတဲ့ မြန်မာနိုင်ငံ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာဌာနမှာလုပ်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ ကွန်ပျူတာအသင်းအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေ အပါအဝင် အားလုံး စုစုပေါင်း ၄၅၀ ခန့် တက်ရောက်ဖို့ရှိပြီး တနာရီခန့်ကာဆွေးနွေးဖို့ရှိတယ်လို့ ကိုသောင်းစုငြိမ်းက ပြောပါတယ်။ အဲဒီတော့ Google ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ မစ္စတာ ရှမစ်ရဲ့ အခုလိုလာရခြင်း အကြောင်းရင်းကို မေးရာမှာတော့ ကိုသောင်းစုငြိမ်းက သူ့အနေနဲ့ အခြား အာရှနိုင်ငံတွေကိုလည်း သွားရာမှာ အဓိကဦးတည်ချက်ကတော့ လူငယ်ခေါင်းဆောင်တွေ နဲ့ တွေ့ပြီး အင်တာနက်အရေးပါပုံကို ရှင်းပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အင်တာနက် နည်းပညာတွေ သုံးပြီးတော့ မြန်မာနိုင်ငံရဲ့ နည်းပညာခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက်ကို နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေကို ဘယ်လိုသုံးရင်ရမယ် ဆိုတာ စဉ်းစားကြမိစေဖို့အတွက်လို့ သူက ဖြေခဲ့တယ်။”

မြောက်ကိုရီးယားနိုင်ငံကို မကြာခင်ကသွားခဲ့ပြီး အိန္ဒိယနိုင်ငံကိုလည်း ရှေ့မှာသွားဖို့ရှိတဲ့ မစ္စတာရှမစ်ကိုယ်တိုင် အခုလို မြန်မာနိုင်ငံကိုရွေးပြီး ထူးထူးခြားခြား လာလည်တယ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲလို့ မေးရာမှာတော့ ကိုသောင်းစုငြိမ်းက -

“Google ဆိုတာ အမေရိကန် IT ကုမ္ပဏီတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရတယ်ဆိုတော့ သူ့ရဲ့ အကြီးအကဲတယောက် လာတာဆိုတော့ ဒါ ကျနော်တို့ နောက်ထပ် လမ်းအများကြီးပွင့်သွားမယ်လို့ ထင်ပါတယ်။ နောက် သူလာပြီးတော့ ဒီလိုမျိုး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ IT ကဏ္ဍနဲ့ ထိတွေ့ ဆက်ဆံသွားတဲ့အတွက် ကမ္ဘာအနေနဲ့လည်း အံ့အားသင့်စရာလည်း ဖြစ်ရင်ဖြစ်သွား မှာပါ။ မြန်မာနိုင်ငံမှာ ဒီလို IT ကဏ္ဍဆိုတာ လှုပ်ရှားမှုတွေ လုပ်နေသလား။ ဒီလိုမျိုးတွေ မရှိဘူးထင်ထားတဲ့ဟာတွေက ကျနော်တို့ အမြဲတမ်းကြားနေရတာဆိုတော့ အဲရစ်ရှမစ် လာတဲ့အတွက် ကျနော်တို့ဒါကို မီးမှောင်းထိုးပေးပြီးသား ဖြစ်သွားတဲ့အတွက် ကျနော်တို့ IT ကဏ္ဍအတွက်လည်း အများကြီး ကောင်းသွားမယ်။ နောက်ထပ် IT ကုမ္ပဏီကြီးတွေရော၊ နောက် တခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ CEO တွေလည်း ဒီလိုပဲ ဆက်ပြီးလာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ဒါ့အပြင် ကိုသောင်းစုငြိမ်းကပဲ မြန်မာနိုင်ငံသားတွေ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် ကင်းလို့မရတဲ့ ဒီ Google လုပ်ငန်းထိန်းချုပ်မှုတွေ လျော့နည်းသွားအောင်လည်း ကြိုးစားနိုင်တယ်လို့ ဆက်ပြောပါတယ်။

“Google ရဲ့ တချို့ ဝန်ဆောင်မှုတွေက သုံးလို့မရတာတွေ ရှိတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ Google Play လိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေက ကျနော်တို့ သုံးလို့မရသေးဘူး။ ဒီကနေဝင်ရင် sanction နိုင်ငံဖြစ်နေတဲ့အတွက် မြန်မာပြည်ကနေ ချိတ်ဆက်ခွင့်မရှိပါဘူး ဆိုပြီးတော့ error တွေက ပြနေတယ်။ အဲဒါတွေကတော့ ဒီလိုဆက်ပြီးတော့ မဖြစ်တော့အောင် သူတို့လူကြီးကိုယ်တိုင် ဒီကိုလာသွားတော့ ကျနော်တို့ကလည်း ထပ်ပြောခွင့်ရတယ်ဆိုရင် သူလည်း သူ့ရဲ့သတင်းအဖွဲ့တွေကို နည်းနည်းပါးပါး မြန်မြန်ဆန်ဆန်လေး လုပ်ပေးဖို့အတွက် ညွှန်ကြားပေးနိုင်တာမျိုး ဖြစ်လာနိုင်တယ်။”

မြန်မာစာကို Google နဲ့ပတ်သက်တဲ့ စာမျက်နှာတွေမှာ သုံးဖို့အလားအလာ ရှိလာနိုင်တယ်၊ မြန်မာနိုင်ငံမှာက အခုလက်ကိုင်ဖုန်းတွေကနေ အင်တာနက်သုံးတာ များလာတာမို့ ကျေးလပ်ဖွံ့ဖြိုးရေးအတွက် ရှေ့မှာ အထောက်အကူ ဖြစ်လာနိုင်တယ်လို့လည်း ကိုသောင်းစုငြိမ်းက ထောက်ပြပါတယ်။

“ကိုယ့်ဆီမှာ နောက်နှစ်မှာလည်း မိုဘိုင်းဖုန်းတွေကို သောင်းနဲ့ချီ ရောင်းချတော့မှာဆိုတော့ ဒီလို မြန်မာစာ အလိုအလျောက်ပါပြီးသားစနစ်တွေ ပို ပေါ်လာမယ်ဆိုရင်တော့ ကိုယ်တွေဆီက ကျေးလပ်ဒေသကလူတွေက အင်တာနက်ခေတ် နည်းပညာခေတ်ကို အလွယ်တကူနဲ့ ဝင်ပါလာလို့ရမယ်လို့ မျှော်လင့်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီး အနောက်နိုင်ငံတွေဘက်က ထိန်းချုပ်ထားမှုတွေ လျှော့ပေးလာချိန်မှာ Google ကုမ္ပဏီ ဥက္ကဋ္ဌအနေနဲ့လည်း ထိန်းချုပ်မှုတွေ လျှော့ပေးပြီး မြန်မာနိုင်ငံ အင်တာနက် တိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသိုင်းအဝိုင်းက မျှော်လင့်နေချိန်မှာ ဒီခရီးစဉ်ဖြစ်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG