တရုတ်နိုင်ငံအတွင်း အင်တာနက်မှာ အချက်အလက် ရှာဖွေခွင့်လိုင်စင် သက်တမ်း တိုးမတိုး တရုတ်အာဏာပိုင်တွေရဲ့ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေတဲ့ ကာလအတွင်း Google အင်တာနက် စာမျက်နှာက တဆင့် သတင်းအချက်အလက် ရှာဖွေတဲ့နေရာမှာ တချို့ အင်တာနက် စာမျက်နှာတွေ ကန့်သတ် ပိတ်ဆို့မှုတွေ ကြာသပတေးနေ့အထိ ရှိနေတုန်းပါ။
Google အင်တာနက် ၀က်ဘ်ဆိုက်မှာ အချက်အလက် ရှာဖွေဖို့ စာလုံးတွေ ရိုက်ထည့်လိုက်ရင် အရင်က ဖြစ်နိုင်ခြေရှိတဲ့ စာလုံးတွေ သူ့အလိုလို ပေါ်လာပေမဲ့ အခု မပေါ်ဘူး ဖြစ်နေတယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။ Google ကုမ္ပဏီ တရုတ်နိုင်ငံထဲမှာ လုပ်ငန်းလုပ်ပိုင်ခွင့် သက်တမ်းတိုးရမယ့် ဗုဒ္ဓဟူးနေ့ကစပြီး အဲဒီလို ပိတ်ဆို့ ကန့်သတ်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
Google ကုမ္ပဏီက သူတို့ရဲ့ လျှောက်လွှာကို နောက်ကျပြီးမှ တင်ခဲ့တယ်၊ ဒါပေမဲ့ အာဏာပိုင်တွေ အနေနဲ့ ဆုံးဖြတ်ချက် အမြန်ဆုံး ချနိုင်အောင် စီစဉ်နေတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သူတို့ အင်တာနက်မှာ အချက်အလက် ရှာဖွေတဲ့ နေရာမှာ တရုတ်အာဏာပိုင်တွေက ဆင်ဆာဖြတ်တောက်မှုတွေ လုပ်နေတာကို ကန့်ကွက်တဲ့ အနေနဲ့ရော လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အီးမေးလ် မှတ်တမ်းတွေကို တရုတ်အာဏာပိုင်တွေက ၀င်ရောက် ဖတ်ရှုတာတွေ လုပ်နေတာကို ရှောင်ရှားတဲ့ အနေနဲ့ပါ တရုတ်နိုင်ငံက သုံးစွဲသူတွေအတွက် ဟောင်ကောင်မှာရှိတဲ့ အင်တာနက် စာမျက်နှာတွေကို သူ့အလိုလို လမ်းကြောင်းပြောင်းပေးတဲ့ စနစ်ကို ပြီးခဲ့တဲ့ မတ်လကတည်းက ပြောင်းလဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။