သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာခုံရုံး အလိုရှိ ဆာ့ဘ်ဝရမ်းပြေး ဖမ်းဆီးမိ


ဂိုရန် ဟာ့ဒ်ဇစ်ခ်။
ဂိုရန် ဟာ့ဒ်ဇစ်ခ်။

စစ်အတွင်း ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ ခုံရုံးမှာ တင်ဖို့ ကျန်နေသေးတဲ့ နောက်ဆုံးလူတဦးဖြစ်တဲ့ ဂိုရန် ဟာ့ဒ်ဇစ်ခ် (Goran Hadzic) ကို ဆားဘီးယား အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီလို့ ပြောပါတယ်။

၁၉၉၀ ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း ပြစ်မှုကျူးလွန်ခဲ့ပြီး ဝရမ်းပြေးဖြစ်နေတဲ့ ခရိုအေးရှားက ဆာ့ဘ်သူပုန်ခေါင်းဆောင် ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို သူတို့ ဖမ်းမိထားတာ သေချာတဲ့အကြောင်း ဆားဘီးယားသမ္မတ ဘိုးရစ် တာဒစ်ခ် (Boris Tadic) က ဒီကနေ့ပဲ အတည်ပြု ပြောဆိုပါတယ်။ သူ့ကို ဒီကနေ့ မနက်ပိုင်းက ဖရာစကာ ဂိုရာ (Fruska Gora) တောင်တန်းဒေသမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ်တုန်းက သူ့ကို လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု၊ စစ်အတွင်း ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အရေးယူဖို့ လုပ်ခဲ့ချိန်ကတည်းက သူက ထွက်ပြေးနေခဲ့တာပါ။ သူဟာ ဆာ့ဘ်လူမျိုး မဟုတ်တဲ့ သူတွေကို ရာနဲ့ချီ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့သူဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဆာ့ဘ်လူမျိုး မဟုတ်သူတွေကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ဖို့ အမိန့်ပေးခဲ့တဲ့သူပါ။

အခုလို သူ့ကို ဖမ်းဆီးမိခဲ့တဲ့အတွက် လိုလိုလားလားကို ကြိုဆိုတယ်လို့ ဥရောပသမဂ္ဂက ဒီကနေ့ပဲ ပြောပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးရဲ့ တောင်းဆိုချက် ထွက်ပေါ်လာပြီး နောက်ပိုင်း ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို အခုလို ဖမ်းဆီးမိခဲ့တာပါ။

ဘော့စနီးယား ဆာ့ဘ် စစ်ရေးခေါင်းဆောင် ရတ်ကို မလားဒစ်ရှ် (Ratko Mladic) ကို ပြီးခဲ့တဲ့ မေလတုန်းက ဖမ်းဆီးရမိခဲ့ပြီး အခု ဂိုရန် ဟာ့ဒ်ဇစ်ခ်ကို ထပ်ပြီး ဖမ်းဆီးခဲ့တာပါ။

ရတ်ကို မလားဒစ်ရှ်ဟာ အခု နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ တရားရုံးမှာ တရားရင်ဆိုင်နေရပြီး တကယ်လို့ သူ့မှာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ်တသက် ကျနိုင်ပါတယ်။

XS
SM
MD
LG