သုံးရလွယ်ကူစေသည့် Link များ

ရေပြတ်ရာဒေသရေရရှိရေး ရက်တရာ စီမံကိန်း အစိုးရရေးဆွဲ


ရေပြတ်လပ်ဒေသများကို ရေပေးဝေနေစဉ်။

အစိုးရသစ် လက်ထက်မှာ သောက်သုံးရေပြတ်လပ်တဲ့ ဒေသတွေ အတွက် ရေရရှိဖို့ ရက် ၁၀၀ စီမံချက်ရေးဆွဲထားပြီးမေလ အတွင်း ပြီးစီးအောင် လုပ်သွားဖို့ ရှိတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနကပြောဆို လိုက်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့က စလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကိုလည်း သောက်သုံးရေပြတ် လပ်တာကြောင့် အကူအညီတောင်းခံနေတာတွေလည်းရှိနေပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းကပြောပြပေးပါမယ်။

ပြင်းထန်တဲ့ အယ်နီညိုရာသီဥတု ခံစားနေရတဲ့ ဒီနှစ်နွေရာသီမကုန်ခင် အစိုးရသစ် လက်ထက်မှာ ရက် ၁၀၀အတွင်း တနိုင်ငံလုံး အတိုင်းအတာ နဲ့ ရေတွင်း တူးဖော်တာတွေ၊ ရေတွင်းရေကန်တွေ မွမ်းမံတာတွေ၊ ရေပေးဝေမှု စနစ် ပြုပြင်တာတွေကို အရှိန်အဟုန်မြှင့်ပြီးစီမံချက်နဲ့ လုပ်ကိုင်သွားဖို့ရှိတယ် လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အခုလိုပြောပါတယ်။

"ကျနော်တို့ ရက် ၁၀၀ စီမံချက်မှာ မြန်မြန်ဆန်ဆန် နဲ့ ပြီးမယ့်အလုပ်မျိုးတွေပေါ့ ရက် ၁၀၀ အတွင်းပြီးအောင်လို့ တနိုင်ငံလုံးက တွင်းတွေ တူးဖော်ခြင်း (၂၁၆ တွင်း)။ တွင်းတွေတူးတယ်ဆိုတာ စက်ကြီးတွေနဲ့ အကြာကြီးတူးတာကိုပြောတာ မဟုတ်ပါဘူး။ ဒေသတွေမှာ ရှိတဲ့ စက်တွေနဲ့ တူးတာကိုပြောတာပါ။ လက်တူးတွင်း တူးဖော်ခြင်းဆိုတာ တွင်းကျယ်တွေလေ အဲဒါတူးတာ (၃၈၆ တွင်း) နောက်တခါ ရေတွင်းရေကန်တွေ မွန်းမံပြင်ဆင်တာဗျ။ အချို့ကတော့ ဒီနှစ်အတွင်းမှာ ကန်တွေ ခမ်းသွားတယ်ဗျ။ ဒီနှစ် ကျနော်တို့ပြင်ထားမှ လာမယ့်နှစ် မိုးကျရင် အဆင်ပြေမှာဗျ။ အဲဒီ ရေကန်တွေပြင်တာရှိတယ်။ နောက်တခါ ရေပေး
facility တွေပေါ့ ဥပမာ အင်ဂျင်တွေ အင်ဂျင်ပြင်မယ်။ ပန့်ပျက်ရင် ပန့်ပြင်မယ်။ တွင်းပျက်တွင်းပြင်မယ်။ စက်ပျက်ရင် စက်ပြင်မယ်။ အဲဒါ လုပ်ငန်းပေါင်း ၆၉၀ ပေါ့။ ဒီလက စပြီး စီမံချက်ဆွဲတာ။ ရက် ၁၀၀ အတွင်း မြန်မြန်ဆန်ဆန်လုပ်ဖို့ စီမံထားပါတယ်"

အယ်နီညိုရာသီဥတုကြောင့် မုတ်သုံအဝင်နောက်ကျပြီး ဇွန်လလောက်ထိ ပူပြင်းနိုင်တာကြောင့် ရက် ၁၀၀ စီမံချက်ကိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း ဦးခန့်ဇော်ကပြောပါတယ်။

သင်္ကြန်အတွင်းသောက်သုံးရေ ပြတ်လပ်တာကြောင့် သောက်သုံးရေပို့ဆောင်ပေးဖို့၊ ရေတွင်းတူးပေးဖို့၊ ယာယီရေလှောင်ကန်ဆောက်ပေးဖို့စတဲ့ အကူအညီတွေ ပေးဖို့ အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနကိုလည်း ဖုန်းဆက်ပြီး အကူအညီတောင်းကြ တယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွန်းဦးက အခုလိုပြောပါတယ်။

"အခုက မကွေးတို့ မန္တလေးတို့ ရန်ကုန် မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ မွန် ၊ရခိုင် စစ်ကိုင်း၊ ရှမ်း နေပြည်တော်ပေါ့ဗျာ။ မနေ့ကအထိတော့ ၇၉ နေရာလောက်ရှိမယ်။ ခုလည်း တောင်းတုန်းပဲခင်ဗျ။ ကျနော်တို့ စာရင်းတွေက မငြိမ်သေးဘူးပေါ့"

အကူအညီတောင်းခံလာသူတွေကိုသက်ဆိုင်ရာ မြို့နယ်ရုံးခွဲတွေကနေတဆင့် ကွင်းဆင်းကြည့်ရှုပြီးအကူအညီပေးဖို့ ဆောင်ရွက်နေကြသလို ပရဟိတ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာမြို့နယ်တွေကအလှူရှင်တွေကလည်း တစ်နိုင်တစ်ပိုင် သောက်သုံးရေ ပို့ဆောင်ပေးနေကြတာပါ။

ကိုယ်တိုင် လိုအပ်တဲ့နေရာတွေကို ပို့ပေးနေတဲ့ ပဲခူးတိုင်း ကဝမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းကလည်း သူ့ဒေသမှာရွာပေါင်း ၆၀လောက်က ရေလိုအပ်နေတဲ့ အခြေအနေကိုအခုလိုပြောပြပါတယ်။

"သူတို့ဘက်ကတော့ ရေက ရေကားမြင်တာနဲ့ ရှင်းရှင်းပြောရရင် လက်တားပြီးတော့ တောင်းတာပဲ။ ဒို့ ကလည်း ရွာတွေ ရွာတွေ ချိတ်ထားတော့ ရွာတိုင်းကိုလည်း ပေးလို့ မဖြစ်ဘူးလေ။ ကြုံတဲ့ နေရာပေးလို့ မရဘူး။ ဟိုက ချိတ်ချိန်းထားတဲ့ နေရာ ရေက အမှန်တကယ် မရှိလို့ရှိရင် ရေပို့ရမယ့် နေရာကို အရင်ပို့တာပေါ့ဟာ။ နည်းနည်းလေး ပိုတာလေး ချန်ထားပြီးတော့ ကြားထဲက ဘုန်းတော်ကြီးကျောင်းတို့ဘာတို့က အဲလို အရေးကြီး အလှူခံလာတဲ့ရေ အဲလိုပဲ ခွဲပေးရတာ။ အဲဒီသဘောတော့ ရှိတယ်။ ရွာက ၆၀ လောက် ရေလိုနေတာလေ။ ဟုတ်တယ် ပွင့်ပွင့်လင်းလင်းပြောရရင် အများကြီးလိုနေတာ"

ဦးလှသန်းအပါအဝင် အခြားလွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ပြန်စတဲ့ အခါ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့လည်း စီစဉ်ထားကြပါတယ်။

မတ်လကုန်အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ မြန်မာတနိုင်ငံလုံး အနှံ့ ကျေးရွာပေါင်း ၁၆၀ ကျော်မှာ ရေပြတ်လပ်နေခဲ့တာပါ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ပြင်းထန်တဲ့ အယ်နီညိုရာသီဥတုကြောင့် ၂၀၁၆ ခုနှစ် နွေရာသီမှာ တနိုင်ငံလုံးက ကျေးရွာပေါင်း ၁၇၀၀ ကျော်မှာ ရေပြတ်လပ်နိုင်မယ်လို့ ခန့်မှန်း ထားပြီး နိုင်ငံတော် ထောက်ပံ့ငွေ သန်း ၁၀၀ ကျော်ကို အသုံးပြုပြီး ရေဖြန့်ဝေသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG