သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ဖားကန့် ကျောက်တူးသမား သောင်းချီတိမ်းရှောင်


ကချင်ဒုက္ခသည်စခန်းတခု။
ကချင်ဒုက္ခသည်စခန်းတခု။
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်လာ တာကြောင့် ကျောက်တွင်းတွေမှာ အလုပ်လုပ်ကိုင်နေသူ တစ်သောင်းကျော်လောက် ဖားကန့်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ ထွက်ပြေးလာသူတွေဟာ ဖားကန့်မြို့ပေါ်က ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေပြီး ဘာသာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေနဲ့ မြို့ခံတွေက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနေရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်ဒေသဘက်ကို ပြီးခဲ့တဲ့ အပတ်တွေကစပြီး အစိုးရစစ်တပ်ဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းခဲ့ တဲ့နောက် နှစ်ဖက်တပ်တွေအကြားမှာ ကြိုးကြား ကြိုးကြား ပစ်ခတ်တာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရက် ပိုင်းအတွင်းမှာတော့ တိုက်ပွဲတွေက ပိုပြင်းထန်လာတာကြောင့် ဖားကန့်မြို့ ပတ်ဝန်းကျင်က ကျောက်စိမ်း မှော်တွေမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ မနေရဲတော့ဘဲ ဖားကန့်မြို့ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ပေါ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ကူညီနေသူ ဒေသခံတယောက်က လက်ရှိအခြေအနေကို အခုလို ပြောပြပါတယ်။

“ဖားကန့်မြို့ပေါ်မှာ ရောက်လာတဲ့ မနေ့က ရတဲ့စာရင်းအရဆိုရင် တစ်သောင်းခွဲဝန်းကျင်လောက်ပဲ ဒီလောက်ပဲ ရှိမှာပေါ့။ ဒုကသည်တွေ ခိုလှုံတဲ့နေရာက နှစ်ချင်းခရစ်ယာန်အသင်းတွေ၊ ကက်သလစ် အသင်းတော်။ နောက် ပြီးတော့ မြို့ဦးစေတီ၊ လှိုင်ဂူ ဗုဒ္ဓဘာသာကျောင်း၊ သီရိမင်္ဂလာမဏိဇေယျံ၊ စန်းကြွယ် မစိုးရိမ် ကျောင်းတိုက်၊ နောက် ရောင်ခြည်ဦး သီလရှင်စာသင်တိုက်။ နောက်တခါ ရခိုင်ရိုးရာယဉ်ကျေးမှုအသင်း။ နှစ်ချင်း အသင်းတော် တို့၊ ကက်သလစ်အသင်းတော်တို့ ဆိုတာတွေက ကျောင်းတွေက အများကြီးနော်။ အဲဒီမှာတွေ အပြည့််ရှိတယ်။ ဒုက္ခသည်တွေက။”

ဖားကန့်မြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ မြို့ခံတွေက ဝိုင်းဝန်း ကူညီထောက်ပံ့ထားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ကတော့ မနေ့တုန်းကရော၊ ဒီနေ့ရော၊ ဟိုပြီးခဲ့တဲ့နေတွေတုန်းကရော အဲဒီကျောင်းတွေ ကို န့ှံအောင် အကုန်လိုက်လှူထားပြီ တတ်နိုင်သလောက်ပေါ့လေ။ ဘုန်းကြီးကျောင်းတွေကလည်း ရှိတဲ့ဆန်တွေ ဘာတွေ ထုတ်ပေးပေါ့ဗျာ။ ခရစ်ယာန်အသင်းတော်တွေဆိုတာလည်း ရှိတဲ့ဟာတွေ ထုတ်ပေးပြီး အဆင်ပြေအောင်တော့ စီစဉ်ထားပါတယ်။”

အခြားဒေသခံတယောက်လည်း ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ပြောပါတယ်။
“တိုက်ပွဲအခြေအနေက လွန်ခဲ့တဲ့ ကြာသပတေး၊ သောကြာနေ့ကတည်းက နေ့တိုင်းလိုလိုပဲ တိုက်ပွဲဖြစ်နေတာ ပေါ့။ သေနတ်သံကြားနေတာပေါ့။ ဒီနေ့လည်း ဆိုင်းဂျာဘွမ်ဆိုတဲ့ဖက် ဒီမနက်တည်းက သေနတ်သံပြန်ကြား နေရတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုစစ်ဖြစ်တဲ့နေရာတွေက အစိုးရစစ်ကြောင်း စစ်ဖြစ်တဲ့နေရာတွေပဲဖြစ်နေတာ။ ကြားတာကတော့ အစိုးရစစ်တပ်က အင်အားထပ်ဖြည့်နေတယ် ဘာညာ သတင်းကြားနေတယ်။ တပ်မတွေလည်းပြန်ထိုးလာတယ်။ စစ်အင်အားက အတော်များလာတယ်လို့ ကြား နေတာပဲ။”

အခြားဒေသခံတွေကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ တပ်မ (၃၃) က တပ်ဖွဲ့တွေ ဖားကန့်ဒေသဘက် ကို ဝင်ရောက်လာနေတယ်လို့ ပြောပါတယ်။ အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဖားကန့်မြို့နယ် က ကျောက်တွင်းတွေမှာ ရှာဖွေစားသောက်နေသူ လက်လုပ်လက်စားသမားတွေဟာ အဓိက အခက်အခဲတွေ့ကြုံနေရပြီး ရေရှည်လာရင် ဖားကန့်ကို ရောက်နေတဲ့ ဒုက္ခသည်တွေဟာ စားရေး သောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေ က သုံးသပ်နေပါတယ်။

KIA နဲ့ မြန်မာအစိုးရတို့ဟာ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇွန်လက တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တနှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်းမှာတော့ စစ်ပွဲကြောင့် ဒေသခံပြည်သူ အနည်းဆုံး ၇ သောင်းကျော်ဟာ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ပြည်နယ်က မြို့ကြီးတွေဆီကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးဖို့ စာပေးပို့ထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တဦးက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ဘက်ကို အတည်ပြုချက်ရဖို့ ကြိုးစားပေမဲ့ ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
XS
SM
MD
LG