သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ တွေ့ဆုံမည်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရစေ့စပ်ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံစဉ်။ (ဦးလှမောင်ရွှေ)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရစေ့စပ်ညှိနှိုင်းရေးအဖွဲ့တို့ တွေ့ဆုံစဉ်။ (ဦးလှမောင်ရွှေ)

NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းစစ်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ တအာင်း ပလောင် တပ်ဖွဲ့- TNLA၊ ရခိုင့်တပ်မတော် AA၊ ကိုးကတန့်တပ်ဖွဲ့-MNDAA တို့ဟာ ဒီလ အတွင်း မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။ တွေ့ဆုံမဲ့နေ့ရက်ကို အတည်မပြုနိုင်သေးပေမဲ့ ဆွေးနွေးရေး အဆင်ပြေ ချောမွေ့ဖို့ဟာ တပ်မတော်ဘက်က ထိုးစစ်တွေရပ်တန့်ဖို့ လိုအပ်တယ်လို့ လည်း ပြောဆိုနေ ပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မြောက်ပိုင်း စစ်မဟာမိတ်အဖွဲ့ ၃ ဖွဲ့ အောက်တိုဘာလ အတွင်း တွေ့ဆုံသွားဖို့ရှိ တယ်လို့ TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“တွေ့ဖို့တော့ချိန်းတယ်ပေါ့နော် ဒီလထဲမှာ။ ဘယ်ရက်ဖြစ်မလဲတော့ ကျနော်တို့မသိရဘူး။ ကျနော်တို့ တွေ့ဆုံမှုက မတွေ့တာကြာပြီ။ ရပ်နေတာ။ ညှိနှိုင်းမှုပေါ့နော်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ဆက် လက် ဆွေးနွေးမှုဖြစ်အောင်။ ပါဝင်ခွင့် ပါဝင်မှုရအောင် ဘယ်လိုလုပ်သွားမလဲ။ အဲဒီလိုအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်။”

တွေ့ဆုံမဲ့ရက်ကိုတော့ အတိအကျမသိသေးပေမဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်အစိုးရ ကြားဝင် ဆောင်ရွက် ပေးသွားမယ်လို့လည်း သူကဆိုပါတယ်။

တအာင်းပလောင် တပ်ဖွဲ့ TNLA၊ ရခိုင့်တပ်မတော် AA၊ ကိုးကတန့်တပ်ဖွဲ့- DAA တို့ဟာ မြန်မာ အစိုးရ ကနေ အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးဖို့ လက်မခံသေးတဲ့အဖွဲ့တွေဖြစ်သလို မြန်မာ့ တပ်မတော်နဲ့လည်း တိုက်ပွဲတွေဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးရေးအဆင်ပြေချောမွေ့ဖို့ဟာ တပ်မတော်ဘက်က ထိုးစစ်တွေရပ်တတန့်ဖို့ လိုအပ်တယ်လို့ ဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

“ထိုးစစ်မရှိတော့ရင်တော့ တွေ့ဆုံမှုမှာပိုပြီး နှစ်ဖက်ယုံကြည်မှု ပိုများလာလိမ့်မယ်လို့။ ဆွေးနွေးမှုက ရပ်လို့မရဘူး။ တဖက်ကလည်း တပ်မတော်ဘက်က သူကထိုးစစ်လျှော့ဖို့တော့လိုတာပေါ့။”

ပြီးခဲ့တဲ့စက်တင်လကုန်ပိုင်းက ပြည်ထောင်စုလမ်းမမှာ အခွန်ကောက်ခံနေတဲ့ တအာင်းပလောင် တပ်နဲ့ နယ်မြေရှင်း လင်းရေးလုပ်ဆောင်တဲ့ တပ်မတော်အကြား မူဆယ်မြို့နယ် နန်းအွန်ရွာနဲ့ ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွက်ဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွါးအပြီး အောက်တိုဘာလ (၂) ရက်နေ့မှာ မူဆယ်မြို့နယ် နမ့်အွန်ရွာဘက်မှာ တပ်မတော် ကနေ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနဲ့ ခရီးသွားလာမှုစာရင်းတွေကို စစ်ဆေးနေပါတယ်။

လက်ရှိမှာစစ်ဆေးမှုရပ်ဆိုင်းသွားပေမဲ့ ပလောင်ကျေးရွာတွေကိုအဓိကထားစစ်ဆေးခဲ့တယ်လို့ မူစယ်မြို့ခံတဦးက ဆိုပါတယ်။

“ဟိုနေ့ကတရက်ပဲ ကျနော် ကြားတယ်ဗျ။ ဒီရှမ်းဘက်မှာသူတို့ဘာမှမလုပ်ဘူးဗျ။ ဒီပလောင်ဖက်မှာပဲ ဒီနမ့်အွမ် ပလောင်ဖက်ပေါ့နော်လုပ်တာ။”

TNLA လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိမရှိဆိုပြီး ရွာသားတွေကို မြန်မာဘက်က စစ်ဆေး ခဲ့တယ်လို့လည်း ဒေသခံတွေ့ ပြောပြပါတယ်။

အလားတူ NCA အပစ်ရပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော် တို့ဟာ ချင်း ပြည်နယ် ပလက်ဝမြို့နယ်စပ်ဒေသမှာ စက်တင်ဘာလ (၂၄) ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေခဲ့ပြီး နှစ် ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ ရခိုင်တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ့ဆုံမယ်ဆိုတဲ့ သတင်း အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ ဝင် တာလှဖေက ဆိုပါတယ်။

“တကယ်တွေ့ဆြုံဖစ်ရင်တော့ သူတို့အားလုံးပါဝင်ဖို့အတွက်ကတော့ ကြိုဆိုရမှာပေါ့။ ကျနော်တို့က NCA ဆိုတာ တနိုင်ငံလုံးအတိုင်းအတာပေါ့။ အဲဒီလို ညွှန်းတာဖြစ်တယ်။ နောက်တခုက NCA က အားလုံးပါဝင်ရမယ်ဆိုတဲ့ဟာက တချိန်လုံး ကျနော်တို့တောင်းဆိုလာတာပဲ။ ခွဲခြားဆက်ဆံပြီးတော့ ချန်လှပ်ထားတာမျိုးတော့ ငြိမ်းချမ်းရေးအတွက်ကတော့ အနှောက်အယှက်အဟန့်အတား ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့အောက်တိုဘာလ (၅) ရက်နေ့မှာလည်း အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံခဲ့ရာမှာတော့ ရပ်တန့်နေတဲ့ ဆွေးနွေးပွဲလမ်းကြောင်းကိုပြန်လည်စတင်ဖို့ သဘောတူခဲ့တယ်လို့ ဗိုလ်မှူး တာအိုက်ကျော်ကပြောပါတယ်။

ဒီတွေ့ဆုံမှုမှာ အစိုးရဖက်မှ ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် အတွင်းရေးမှူး ဦးခင် ဇော်ဦးတို့ တက် ရောက်ခဲ့သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့အတူ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP ကနေ အသိသက်သေ အဖြစ် တက်ရောက်ခဲ့ကြပါတယ်။

မြောက်ပိုင်း စစ်ရေး မဟာမိတ်အဖွဲ့မှာ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ရက္ခိုင့်တပ်မတော် AA နဲ့ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MN DAA / ကိုးကန့်တပ်ဖွဲ့တို့ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG