သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ကချင်တပ်အပေါ် အစိုးရတပ် လေကြောင်းနဲ့ ထိုးစစ်ဆင်


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ရှေ့တန်းစခန်းမှာ တပ်စွဲနေစဉ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ရှေ့တန်းစခန်းမှာ တပ်စွဲနေစဉ်။

ဗန်းမော်ခရိုင်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA စခန်း တခုကို မြန်မာ အစိုးရတပ်တွေက စနေနေ့ကတည်းက စတင် ထိုးစစ်ဆင်နေပါတယ်။ ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက KIA တပ်တွေရှိတဲ့ နေရာတွေအပေါ်လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KIAဘ က်က VOA မြန်မာပိုင်းကို ပြောပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့
သမိုင်းဝင်တွေ့ဆုံပွဲ အပြီး ရက်ပိုင်းအကြာနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ကြား တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ အခုလို တိုက်ပွဲတွေကြောင့် အပစ်ရပ်ရေး ဆွေးနွေးပွဲအပေါ်သက်ရောက်မှု ရှိနိုင်သလား ဆိုတာတွေကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ်ကနေ ကိုက်ထိပ်၊ မန်ဝင်းကို ဆက်သွယ်ထားတဲ့ လမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း နထက်ကျေးရွာက ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ (၃) ရဲ့ ရှေ့တန်းစခန်းကို မြန်မာ အစိုးရက စနေနေ့နဲ့ တနင်္ဂနွေနေ့ ၂ ရက်တိတိ ထိုးစစ်ဆင်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ ကေအိုင်အေ တပ်စခန်းရှိရာ နေရာ ၂ နေရာကို ထိုးစစ်ဆင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုရဲ့ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောပါတယ်။

“KIA တပ်မဟာ (၃) တပ်ရင်း (၁) ရှေ့တန်းစခန်း နထက်ကျေးရွာမှာရှိတဲ့ စခန်းတွေကို တပ်မ (၈၈) ကနေပြီး စစ်ကြောင်းတွေကဝင်လာပြီး ထိုးစစ် ဆင်တာပါ။ အဲလို လုပ်ရင်းနဲ့ပဲ တိုက်ပွဲဖြစ်သွားတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်၊ ဒီနေ့မနက်ပိုင်းမှာလည်း စပြီးတော့ တိုက်ပွဲဖြစ်တယ်။ နေ့လည်ပိုင်းကစပြီးတော့ သူတို့ လက်နက်ကြီးတွေ အသုံးပြုလာတယ်။ မွန်းလွဲပိုင်း သုံးနာရီအချိန်မှာ သူတို့ လေယာဉ်နဲ့လာပြီးတော့ ပစ်ခတ်တယ်။ ဗုံးကြဲတာတွေလုပ်တယ်။ (၃) နာရီ ကျော်ကျော်မှာတကြိမ်၊ (၄) နာရီခွဲမှာတကြိမ်၊ ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ နှစ်ကြိမ်လာပြီးတော့ ပစ်ခတ်တာတွေ လုပ်တယ်။ ဒီနေ့မနက်ရဲ့ဖြစ်စဉ်မှာတော့ နထက်ကျေးရွာမှာ စစ်ကြောင်းတကြောင်း၊ နောက်ပြီးတော့ နထက်ကျေးရွာရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ …ကျေးရွာမှာစစ်ကြောင်းလည်း စစ်ကြောင်းတကြောင်းဝင်လာတယ်။ အဲဒီမှာ တိုက်ပွဲတွေ နှစ်နေရာဖြစ်တယ်။ ဖြစ်ရင်းနဲ့ပဲ အဲဒီစစ်ကြောင်း နှစ်ကြောင်း ကလည်း သူတို့အချင်းချင်း ပစ်ခတ်မှားယွင်းမှုလည်း ရှိပုံရတယ်။ အဲဒီတော့ ထိခိုက်မှုက များသွားတယ်။ နောက်ဆုံးကျတော့ လေယာဉ်ကို သူတို့သုံးတဲ့ အဆင့် ဖြစ်လာရတယ်ခင်ဗျ။

“ထိခိုက်မှုက ကျနော်တို့ဘက်မှာတော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် တဘက်မှာ အစိုးရစစ်ကြောင်းတွေမှာ ထိခိုက်မှုတစုံတရာ ရှိနိုင်တယ်ခင်ဗျ။ ထိခိုက်မှုရှိတဲ့ အခါမှာ သူတို့ဟာ အဲလိုမျိုး လက်နက်ကြီးရော၊ သဲကြီးမဲကြီး လက်တုံ့ပြန် တိုက်ခိုက်တာမျိုး လုပ်လေ့လုပ်ထရှိတယ်ခင်ဗျ။ အဲဒီကျတော့ တဘက်မှာ ထိခိုက်မှုရှိတယ်လို့ အပေါ်ယံသတင်းရတယ်။ ဒါပေမယ့် ဘယ်လောက် အရေအတွက်ရှိတယ်၊ ဘယ်အဆင့်တွေ ထိတယ်ဆိုတာတော့ မသိရသေးဘူး ခင်ဗျ။”

စစ်ရေးမဟာဗျူဟာအရ သိပ်ပြီးအရေးမပါလှတဲ့ နထက်ရွာက ကေအိုင်အေတို့ရဲ့ တပ်စခန်းကို မြန်မာ့တပ်မတော်ဘက်က အင်အား ၁ဝဝ နီးပါး အသုံးပြုပြီး သဲကြီးမဲကြီး တိုက်ခိုက်နေတာလို့လည်း ဦးလနန်က ပြောပါတယ်။ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ သမိုင်းဝင်အပစ်ရပ်ရေး ငြိမ်းချမ်းရေးစကားပြောဆိုမှုအပြီး ရက်ပိုင်းအကြာ၊ နောက် လက်ရှိ ရန်ကုန်မှာ ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးနေကြချိန်ကို အခွင့်ကောင်းယူပြီး မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လာတာလို့လည်း ပြောခွင့်ရ ဦးလနန်က သုံးသပ်ပါတယ်။

“KIO ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဆွေးနွေးပွဲ ရှိတိုင်း၊ ရှိတိုင်း ကျနော်တို့ရဲ့ ရှေ့တန်းစခန်းငယ် တွေကို အမြဲတမ်း အစိုးရစစ်တပ်ကနေပြီးတော့ ဝင်သိမ်းတာမျိုး၊ ပစ်ခတ်တာမျိုး အမြဲတမ်းလုပ်တယ်ဗျ။ လုပ်ရိုးလုပ်စဉ်တခုပါ။ ဒါကြောင့်မို့ အခုလည်းဆွေးနွေးပွဲက ၁၇ ရက်နေ့ စတယ်ခင်ဗျ။ ဒီစစ်ဆင်ရေးက ၁၆ ရက်၊ ၁၇ ရက်မှာ စပြီးတော့ …… လှုပ်ရှားမှုကို စပြီးတော့ လုပ်လာတယ်။ တပ်မ (၈၈) က နေပြီး တော့၊ ဗျူဟာတခုကနေပြီးတော့ အဲဒီစစ်ဆင်ရေးအတွက် ပြင်ဆင်လာတာမျိုး လုပ်တယ်။ ၁၇ ကနေပြီးတော့ သိသိသာသာ အဲဒီ စစ်ကြောင်းတွေက ကျနော်တို့ရဲ့တပ်စခန်းတွေကို ချဉ်းကပ်လာတာတယ်။ အဲဒီကျတော့ ၂၁ ရက်နေ့မှာစပြီးတော့ ကျနော်တို့ရဲ့စခန်းကို ဝင်တိုက်တဲ့ အခါမှာ တိုက်ပွဲတွေက ဖြစ်ပွားရတာပါ။ အဲဒီကျတော့ ဒီ ဆွေးနွေးပွဲကာလအတောအတွင်းမှာ အမြဲတမ်းလိုလို လုပ်ခဲ့တဲ့အဖြစ်အပျက်တွေကို ကျနော်တို့ ပြန်ပြီးတော့ တိုက်ဆိုင်ကြည့်တဲ့အခါမှာ ဆွေးနွေးပွဲရှိတိုင်း စခန်းငယ်တွေကို ဝင်သိမ်းတဲ့ဖြစ်စဉ်တွေရှိတော့ ဒီတခေါက်မှာလည်း ရန်ကုန်မှာ ဆွေးနွေးပွဲ ရှိတာကို အခွင့်ကောင်းယူပြီး ကျနော်တို့ရဲ့စခန်းငယ်တွေကို ဝင်သိမ်းတဲ့ပုံစံမျိုးပဲ သတ်မှတ်လို့ရပါတယ်။ ဆွေးနွေးပွဲကို ဖျက်လိုဖျက်ဆီး ရည်ရွယ်ချက်တော့ ရှိဟန်မတူဘူးခင်ဗျ။”

အစိုးရစစ်တပ်က ကေအိုင်အေကို ထိုးစစ်ဆင်ဖို့ စတင်ပြင်ဆင်ချိန်ကတည်းက နေ့စဉ် ထိုးစစ်ဆင်တဲ့အနေအထားတွေကို လက်ရှိ ရန်ကုန်မှာ ဆွေးနွေး နေတဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က မြန်မာအစိုးရကို အလွတ်သဘောပြောကြားခဲ့ပေမယ့် ထိုးစစ်တွေကတော့ ရပ်မသွားဘူးလို့လည်း ဦးလနန်က ပြောပါတယ်။ အခု မြန်မာအစိုးရ ထိုးစစ်ဆင်နေတဲ့ ကေအိုင်အေ ရှေ့တန်းစခန်းကိုတော့ မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် စစ်ဗျူဟာအရအပြောင်းအလဲ လုပ်ကောင်းလုပ်နိုင်တယ်လို့လည်း ပြောခွင့်ရဦးလနန်က ပြောပါတယ်ရှင်။

XS
SM
MD
LG