သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၅၁၄ဦး ကို မြန်မာ အစိုးရ လွတ်ငြိမ်း ချမ်းသာခွင့် ပေး


သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပါပြီ။
(Jan 13 2012)
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပါပြီ။ (Jan 13 2012)
နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားစုစုပေါင်း ၅၁၄ ယောက်ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လွှတ်ပေးလိုက်တဲ့အကြောင်း ကြားဖြတ်အထူးသတင်းတရပ် မကြာသေးခင်က အချိန်ပိုင်းကပဲ မြန်မာ့ရုပ်မြင်သံကြား ကနေ ကြေညာသွားပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို မကြာခင် ရက်ပိုင်းမှာပဲ ရောက်လာရှိဖို့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား စုစုပေါင်း ၅၁၄ ယောက်ကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းကို ဒီကနေ့ ညနေ ၄ နာရီက ကြားဖြတ် သတင်းတရပ်နဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းကြည့်တော့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဌေးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ လွှတ်တာတော့ လွှတ်တယ်ခင်ဗျ။ ဒါပေမဲ့ ခဏလေး စောင့်ပေးပါလား။ ၆ နာရီခွဲလောက်ကျမှ။ ကျနော်တို့ အခု စိစစ်နေတုန်း။ လွှတ်တော်တော့ လွှတ်ပါတယ်။ ကျနော်တို့ စာရင်းဇယားတွေ ပြုစုနေလို့ပါ။ စာရင်းတော့ ရပြီခင်ဗျ။ ကျနော်တို့အခုက စိစစ်တုန်းပဲ ရှိသေးတယ်။ ကျနော်တို့ အခုဟာက လွှတ်ဖို့လုပ်နေတဲ့အတွက် ကျနော်တို့ ပြန်စိစစ်ပြီး ထောင်တွေ ခွဲနေလို့ပါ။”

အခု သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်တယ်လို့ သိရပေမဲ့ ဘယ်သူတွေ ပါဝင်ပြီး အရေအတွက်အားဖြင့် ဘယ်လောက် ရှိတယ် ဆိုတာတော့ မသိရသေးပါဘူး။ အခုလွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်ပဲ ပါနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောပါတယ်။

" အခု ပြန်လွတ်လာတဲ့သူတွေထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ဆယ်ဂဏန်းလောက်ပဲ ပါတယ်လို့ သိရပါတယ်။ အများစုကတော့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ ကျနော်တို့ ကြားတာက လေးရာနီးနီးတောင်မှ နိုင်ငံခြားသား အကျဉ်းသားတွေဖြစ်နေတယ်ဆိုတာမျိုး ရှိပါတယ်။

ဒီသာမာန် ရာဇဝတ်အကျဉ်းသားနဲ့ ပေါင်းလိုက်ရင်တော့ နိုင်ငံရေးအကျဉ်းသားကတော့ ဆယ်ဂဏန်းလောက်ပဲ လွတ်လာနိုင်ခြေရှိပါတယ်။ အခုကျနော်တို့ ကြားနေရတာက သာယာဝတီထောင်က သုံးယောက်လွတ်တယ်။ ဆိုတော့ နောက်တခါ တောင်ကြီးထောင်က တယောက်လွတ်မယ်။ အဲ့လောက်ပဲ သိရသေးပါတယ်။

သူတို့ ကြေညာတဲ့အချိန်နဲ့ ထောင်ပိတ်တဲ့အချိန်နဲ့က ကပ်နေတဲ့အတွက် ဒီနေ့တောင်မှ လွှတ်ဖို့မှာ နောက်ကျမှ လွှတ်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။"

ဒီရက်ပိုင်း အတွင်းမှာပဲ နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို လာရောက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ ရှိနေချိန်မှာပဲ အခုလို အကျဉ်းသားတွေကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အရင်ကလည်း အခုလို ထူးခြားတဲ့ အချိန်မျိုးမှာ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ လွှတ်ပေးလေ့ ရှိတာကြောင့် ဒီတကြိမ် လွှတ်ပေးမှုကလည်း တကယ်ပဲ ပြုပြင် ပြောင်းလဲရေးကို ဦးတည်ဆောင်ရွက်တဲ့ လုပ်ရပ်လားဆိုပြီး သံသယ ဖြစ်နေသူတွေလည်း ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ အခုလို သုံးသပ်ပါတယ်။

“တော်တော်လေးကို ခက်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလိုမျိုး သွားတိုင်း၊ တခုခု ထူးခြားတိုင်း၊ ပြည်တွင်း ပြည်ပဖိအားတွေ ကြီးလာတိုင်းမှာ အဲ့လို နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင်ပေါ့လေ။ အကျဉ်းသားတွေ လွှတ်ပေးတယ်။ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ နည်းနည်း နည်းနည်း ပါတယ်။ ဆိုတော့ ဒီကိစ္စမျိုးတွေကတော့ တော်တော်ကို ယုံကြည်ရခက်တဲ့ကိစ္စမျိုးလို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်ပိုင်းမှာ တကယ့် အထင်ကရ နိုင်ငံရေး အကျဉ်းသားတွေ အများအပြားကို လွှတ်ပေးလိုက်တယ်။ သို့ပေမဲ့လည်း ဘာကြောင့် အထင်ကရ မဟုတ်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးဘူးလဲ ဆိုတာ တော်တော်ကို စဉ်းစားစရာ ဖြစ်ပါတယ်။ သံသယ ဖြစ်စရာ ဖြစ်ပါတယ်။

ဆိုတော့ ဒီလူတွေကို တခါ လွှတ်ပေးလိုက်၊ ချီးကျူးလိုက်၊ နိုင်ငံတကာကနေ ထောက်ခံလိုက် ဆိုတဲ့ဟာမျိုးတွေ လုပ်နေတဲ့ လုပ်နေတဲ့အခါ ကျတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ဓားစားခံအဖြစ် ထားပြီးတော့ အဲဒီလိုမျိုး တဖြည်းဖြည်းနဲ့ အပေးအယူ လုပ်နေတဲ့သဘောလားလို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။ အဲဒါမျိုး ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဆိုတာ ဘာလဲ ဆိုတာကို သံသယ ဖြစ်စရာပါ။”

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ရာနဲ့ချီ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး မြန်မာအစိုးရ အနေနဲ့ တကယ်တမ်း စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးဆီကို ဦးတည် ဆောင်ရွက်နေတယ်ဆိုရင် ဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးရမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့ မတ်လ ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပြီ ဖြစ်သလို စုစုပေါင်း အကျဉ်းသား ၂ သောင်း ၉ ထောင် ၁၈ ယောက် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားကတော့ ၈၀၀ ကျော် ပါဝင်ခဲ့သလို ကိုမင်းကိုနိုင် ကိုကိုကြီး စတဲ့ အထင်ကရ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ခုမတိုင်ခင် နောက်ဆုံးတကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသား ၃၄ ယောက် အပါအဝင် အကျဉ်းသား ၈၀ ကျော် ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG