သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ တောင်ကုန်း ၃ ခု အစိုးရတပ်သိမ်းယူ


လက်နက်တွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တပ်ဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၅)
လက်နက်တွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တပ်ဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၅)

ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တောင်ကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား ၁၁ ဦး ကျဆုံးခဲ့တယ်လို့သတင်းထုတ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ မြန်မာစစ်တပ်က လက်နက်အသစ်တွေ တိုးပြီး အသုံးပြုလာပြီး ဒီကနေ့ တိုက်ပွဲမှာတော့ မူလနေရာကနေ နောက်ကို အနည်းငယ် ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုးကန့်ဒေသ စစ်ရေး အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ် မြန်မာ နယ်စပ် ကိုးကန့် ဒေသတဝိုက်မှာ ဒီကနေ့ ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကိုးကန့် တပ်ဘက်က လောင်ချာ၊ စက်သေနတ်ကြီး၊ လက်ပစ်ဗုံး၊ တိုက်မိုင်းတို့ အသုံးပြု တိုက်ခိုက်ခဲ့သလို မြန်မာ့တပ်မတော်ဘက်ကတော့ လက်နက်ကြီးနဲ့ပစ် လေကြောင်းကနေလည်း ဗုံးကြဲခဲ့ပါတယ်။ ဒီကနေ့ တိုက်ပွဲတွေအတွင်း ပါစင်ကျော်မြို့အနီး ရှင်ခုတ်ထန်ဒေသက တောင်ကုန်းတခု၊ လော်ကွာကျိုင်းဒေသ တဝိုက်က တောင်ကုန်းနှစ်ခုကို မြန်မာ့တပ်မတော်က သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း မြန်မာအစိုးရ စစ်တပ်က သတင်းထုတ်ပါတယ်။ တိုက်ပွဲအတွင်း စစ်သည် ၁၁ ဦး ကျဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ ရှင်ခုတ်ထန်ဘက်ကတိုက်ပွဲ အခြေအနေကိုတော့ ကိုးကန့်တပ်ရဲ့ပြောခွင့်ရ ဦးထွန်းမြတ် လင်းက အခုလို ပြောပါတယ်။

“ခုတ်ထန်မှာပါ။ အခုရက်ပိုင်း ဖြစ်ဖြစ်နေတဲ့နေရာမှာပါ။ ဒီနေ့ ဟယ်လီကော့ပတာ တစီးလာတယ်။ ဗုံးကြဲတယ်၊ ပြီးတော့ စက်သေနတ်နဲ့ပစ်တယ်။ ကျနော်တို့ အဓိကစခန်းချထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ စခန်းသေးသေးလေးရှေ့မှာ တိုက်ပွဲမဖြစ်တဲ့နေရာမှာ ကျနော်တို့ နောက်ကို နည်းနည်းလေး ပြန်ဆုတ်ထားတာ ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ ကျနော်တို့ ဖယ်လိုက်တာ မရှိပါဘူး။ အဲဒီနေရာကနေ နောက်ကို နည်းနည်းလေး ပြန်ဆုတ်တဲ့နေရာမှာ ပြန်ဆုတ်တာပဲရှိပါတယ်။ ဒါပေမယ့် သူတို့က လက်နက်တွေတော့ ပိုပိုသုံးလာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းဆို နှစ်ဆင့်ကွဲတဲ့ဗုံးလည်း သုံးလာတယ်။ ပြီးတော့ မနေ့တုန်းကထင်တယ်။ ဟိုဗုံးအကြီးကြီး ၂၅၀ ကီလိုဂရမ်လားမသိဘူး၊ ပြီးတော့ လက်နက်အသစ်ပေါ့၊ အဲဒါတွေလည်း သုံးလာတာတွေ့ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း တတ်နိုင်သလောက် ခုခံသွားပါမယ်။”

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုက်ပွဲတွေ သတင်း ၅ ပတ်ကျော်လာပြီဖြစ်ပြီး စစ်ရေးတင်းမာနေဆဲမို့ တရုတ်ဘက်မှာ ရှောင်နေတဲ့ ဒုက္ခသည်တွေလည်း နေရပ်ရင်းတွေကို မပြန်နိုင်သေးတဲ့အကြောင်း တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်း ၁၂၅ ဒုက္ခသည်စခန်းမှာ ကူညီပေးနေတဲ့ ကိုတောမတ်စ်က ပြောပါတယ်။

“ဒုက္ခသည်ကတော့ အခု ၁ ထောင်ကျော်လောက်ပဲ ရှိတော့မယ်။ တချို့ကတော့ အိမ်ပြန်သွားတာပေါ့နော်။ တချို့ကျတော့လည်း တရုတ်ပြည်ဘက် ဝင်သွားတာရှိတယ်။ လောက်ကိုင်က တောရွာတွေပေါ့နော်၊ အထူးသဖြင့် ပလောင်တွေ၊ ရှမ်းတွေ၊ အဲဒါတွေ များတယ်ဗျ။ အခုက လားရှိုးဆင်းတဲ့အဖွဲ့ကျတော့ သူတို့က ….ကနေ ပတ်ပြီးတော့ သွားတယ်။ စင်ကျော်ကနေ လောက်ကိုင်ကျ သွားလို့မရသေးဘူး။ ကြံခုတ်သမားတွေကတော့ သူတို့ လမ်းလျှောက်သွားတာတော့ ရတယ်လို့ပြောတယ်။ ဗမာပြည်က သူတို့သွားတဲ့အဖွဲ့တွေတော့ သူတို့က စင်ကျော်ကနေ လောက်ကိုင်တော့သွားလို့မရသေးဘူးပေါ့။ သူတို့က တရုတ်ပြည်ကနေပတ်ပြီးတော့ ပြန်သွားတာရှိတယ်။ အခု လောက်ကိုင်ကျတော့ တချို့ကျတော့ ပြန်တာရှိတယ်။ ဒါပေမယ့် တချို့ကျတော့ ပြန်ထွက်လာနေသေးတယ်။”

ကိုးကန့်နယ်နဲ့ ဆက်နေတဲ့ တရုတ်နယ်စပ်တလျှောက် နေရာ အတော်များများမှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေကြပြီး လတ်တလောမှာတော့ တရုတ် အစိုးရဘက်က ပြည့်စုံအောင် ထောက်ပံ့ပေးထားတယ်လို့လည်း ကိုတောမတ်စ်က ပြောပါတယ်။ မြန်မာပြည်တွင်းက အလုပ်လာလုပ်နေသူတွေကတော့ လမ်းကြောင်းအသီးသီးကနေ ဌာနေပြန်နေနိုင်ပြီဖြစ်ပေမယ့် ကိုးကန့်ဒေသခံတွေကတော့ စစ်ရေးတင်းမာနေဆဲမို့ အိမ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေကြရဆဲ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG