သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်နဲ့ မွန်ပြည်သစ်ပါတီ ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်


မွန်ပြည်သစ်ပါတီ
မွန်ပြည်သစ်ပါတီ
သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံမှာ လာမယ့်ရက် အနည်းငယ်အတွင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းတော့မယ်လို့ ပြောဆိုနေတဲ့အချိန်မှာပဲ အပစ်ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မွန်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးကတည်းက မနေ့က တနင်္သာရီတိုင်း မြိတ်ခရိုင်ဘက်မှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ စခန်းချရာ ထိုင်း-မြန်မာနယ်စပ် ပေါင်းကိုးဒေသဘက်က မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတပ်မှူးတွေက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က အခုလို သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြားမှာ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ဘက်မှာ မနေ့က ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ ၃ မိုင်အကွာ မွန်ပြည်သစ်ပါတီ တပ်စခန်းချရာ မြိတ်ခရိုင် ထိလိလုံနယ် ပေါင်းကိုးဒေသကို မြန်မာလှုပ်ရှားတပ်တွေကနေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ဒေသ တပ်မှူးဖြစ်သူ ဗိုလ်မှူး တမော့ချမ်း က ပြောပါတယ်။

“အင်္ဂလိပ် ၁၆ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ ကော့သောင်းတပ် (၅၈၁) ဗိုလ်ကြီးနေမျိုး အဲ့ဒီမှာလူ ၂၁ ယောက်လား အဲဒီလောက်ရှိတယ်အင်အား။ အဲဒါတက်လာတယ်။ နယ်စပ်ကို ကျွန်တော်တို့လုံခြုံရေးချထားတဲ့ဟာကို စစ်တပ်တွေ တက်လာတယ်။ အဲဒါတိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဘက်မှာ လူ ၂ ယောက် ကျဆုံးသွားတယ်။ ကာဘိုင် ၂ လက်နဲ့ သူရသွားတယ်။ ပြီးတော့ သူတို့ဘက်မှာ လူ ၁ ယောက်ဆုံးသွားတယ်။ ပြီးတော့ ဒဏ်ရာ (၄) ယောက် ထိခိုက်သွားတယ် အဲဒီမှာ။”

မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရတို့ဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးကတည်းက တိုက်ပွဲဖြစ်ပွားမှု ရပ်ဆိုင်းခဲ့ရာကနေ အခုအခါ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတွေ ဖွဲ့စည်းခဲ့ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်ဆဲရေးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ရက်တွေက ဗြိတိန်နိုင်ငံခရီးစဉ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ တွေ့ဆုံစဉ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကျော်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေရတာ ဖြစ်သလို လာမယ့် ရက်ပိုင်းအတွင်းမှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာလို့လည်း သမ္မတကနေ ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း လုပ်ဆောင်နေတဲ့အပေါ်မှာ အပြည့်အ၀ ယုံကြည်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလို ပြောပါတယ်။

“အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ်မှာ တပ်မတော်ဘက်က လက်ခံပါသလား။ ဒါမှမဟုတ်ရင် တပ်မတော်နဲ့ အစိုးရက သူ့လိုင်းနဲ့သူ မီးစတဘက် ရေမှုတ်တဘက် ပုံစံမျိုးနဲ့ ကစားနေတာလား။ ကျွန်တော်တို့ကတော့ တွက်နေတာဘဲ။ တပ်မတော်ဘက်ကတော့ ဒီအပစ်အခတ်ရပ်စဲရေးကို သိပ်လိုလားပုံ မပေါ်ဘူး ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့ အကဲခတ်မိတယ်။ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ်မှာ ကျွန်တော်တို့ကလည်း ကနေ့ အနေအထားအပေါ်မှာ ပြည့်ပြည့်၀၀ မယုံကြည်ရဲသေးဘူးဗျ။”

အခုလို ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေစဉ်ကာလမှာပဲ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ မွန်ပြည်သစ်ပါတီအနေနဲ့ မြိတ်ခရိုင်ဒေသဘက် လှုပ်ရှားရာမှာ နယ်မြေခံ မြန်မာတပ်ဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့သလို အရင်က စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုမရှိခဲ့ဘူးလို့လည်း မြိတ်ခရိုင်ဒေသ တပ်မှူးဖြစ်သူ ဗိုလ်မှူး တမော့ချမ်း က ပြောပါတယ်။

“ပဋိပက္ခတွေ တခါမှ မဖြစ်ဖူးဘူး။ ဒီမှာကျွန်တော်တို့ လှုပ်ရှားနေတာ သတင်းပေးထားတယ်။ ဒီမှာ မဏ္ဍိုင်ဘက်မှာ ကျွန်တော်တို့ လှုပ်ရှားနေတာ ဒီမှာရှိတဲ့ စစ်တပ်တွေအားလုံး ဆွေးနွေးထားတာရှိတယ်။ အဲ့ဒီလှုပ်ရှားတပ်ဖွဲ့ပဲ ကျွန်တော်တို့ တခါမှ မတွေ့ဖူးဘူး။ သူတို့လှုပ်ရှားနေတာ။ သတင်းလည်း မပေါ်ဘူး။ သူတို့လာတာ။”

ပေါင်းကိုးဒေသမှာ မွန်ပြည်သစ်ပါတီကနေ ဒေသဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်နေတာဖြစ်ပြီး ဒီအချက်အပေါ် မြန်မာစစ်တပ်ကနေ ကျေနပ်မှုမရှိလို့ အခုလို တိုက်ခိုက်တယ်လို့ ယူဆရကြောင်း ဗိုလ်မှူးတမော့ချမ်းက ပြောပါတယ်။ ဒီတိုက်ပွဲ မဖြစ်ပွားခင် ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့တုန်းကလည်း မြန်မာစစ်တပ်ကနေ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးသွားခဲ့တယ်လို့လည်း ဒေသခံရွာသားတဦးဖြစ်သူ နိုင်လဂွန်းက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“တပ်ရင်း ၅၈၁ က ဗိုလ်ကြီးနေမျိုး ဦးဆောင်ပြီးတော့ တက်လာတယ်။ သူတို့ကနေ မွန်ပြည်သစ်ပါတီက တပ်သားတဦးကို ဖမ်းသွားတယ်။ ဒီရဲဘော်ကတော့ ရွာသစ်ဘက်ကို သူ့ဇနီးကို လိုက်အပို့မှာ အဖမ်းခံရတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက ဖမ်းထားတာ အခုထိ ပြန်မလွှတ်သေးဘူး။ သတင်းလည်း ဘယ်မှာမှ မပေါ်သေးဘူး။”

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီလမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စနဲ့ ပက်သက်ပြီးတော့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့ပေမဲ့လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရာမှာလည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တို့အကြားမှာ ယုံကြည်မှုအပိုင်း အားနည်းနေသေးတဲ့ အနေအထားကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှု ကြန့်ကြာနေဆဲလို့လည်း လေ့လာသူတွေက သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
XS
SM
MD
LG