သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီးနှစ်ဦး ရာထူးမှနှုတ်ထွက်ခွင့်ပြု


ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် (ဓာတ်ပုံ - Ministry of Information)
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် (ဓာတ်ပုံ - Ministry of Information)

မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ဝန်ကြီးနှစ်ဦးကို သမ္မတရဲ့ လက်မှတ်နဲ့ ရာထူးကနေ အနားပေးလိုက်ပါတယ်။ အစိုးရသက်တမ်းကုန်ဖို့ သိပ်မလိုတော့တဲ့ အချိန်လေးအတွင်းမှာပဲ အခုလို အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတချို့ ဖြစ်လာတာပါ။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ရာထူးကနေ အနားပေးခံရတဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ဦးကတော့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့ ဖြစ်ကြပါတယ်။ မိမိရဲ့ သဘောဆန္ဒအလျှောက် ရာထူးကနေ နှုတ်ထွက်ခွင့်ပေးလိုက်တယ်လို့ ပြန်တမ်းမှာ သမ္မတဦးသိန်းစိန်က လက်မှတ်ထိုး ထုတ်ပြန်ထားပေမဲ့၊ အရင်ကလည်း ဝန်ကြီးတွေကို ရာထူးကနေ အနားပေးတယ်ဆိုရင် ဒီအသုံးအနှုန်းပဲ သုံးလေ့ရှိပါတယ်။ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ မင်္ဂလာမြန်မာအဖွဲ့ ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်း ကတော့ ဒီဝန်ကြီးဌာန နှစ်ခုစလုံးမှာ မအောင်မြင်ရှိမှုတွေကြောင့် တာဝန်ရှိသူတွေကို အနားပေးမှု ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

“ကျနော်မြင်တာတော့ အသေးစိတ်တော့ သူတို့အထဲထဲမှာ ဘာဖြစ်လဲ မသိဘူးပေါ့လေ။ ဒါပေမဲ့ အပြင်ကလူအနေနဲ့ ကြည့်ရင်တော့ သူတို့နဲ့သက်ဆိုင်တဲ့ကဏ္ဍတွေမှာ မအောင်မမြင်ဖြစ်တာတွေက များတယ်လေ။ ဆိုတော့ အဲ့ဒီဟာအတွက်ပဲ တာဝန်ယူခိုင်းတဲ့သဘောလို့ မြင်တာပါပဲ။ ဆိုတာတာက ကျန်းမာရေးဆိုရင်လည်း ဘတ်ဂျက်က ပိုရလာတယ်။ ဒါပေမဲ့ တိုးတက်မှုကတော့ မရှိဘူးပေါ့လေ။ ဒါတွေကလည်း လူပြောများနေတဲ့ကိစ္စပေါ့လေ။ ပြန်ကြားရေးကဏ္ဍမှာလည်း အခု သတင်းထောက်တွေနဲ့ အစိုးရတွေ မပြေမလည်ဖြစ်တဲ့ကိစ္စတွေ၊ သတင်းထောက်တွေ ပိုပြီးတော့ ဖမ်းခံလာရတဲ့ကိစ္စတွေ၊ ထောင်ခဏခဏကျတဲ့ကိစ္စတွေ၊ တရားစွဲခံရတဲ့ကိစ္စတွေ၊ ဒီလိုမျိုး မပြေမလည်ဖြစ်တာတွေက များလာတော့ တာဝန်ယူခိုင်းတယ်လို့ ယူဆရတာပဲလေ။”

မေး။ ။ ဒေါက်တာဖုန်းဝင်းကျတော့ မင်္ဂလာမြန်မာမှာလည်း လက်ရှိ လုပ်နေတယ်။ နောက် ကျန်းမာရေးကိစ္စတွေနဲ့လည်း နီးနီးစပ်စပ် ရှိတဲ့အခါကျတော့ ဒေါက်တာဖေသက်ခင်နဲ့ ပတ်သက်လို့ရော နှုတ်ထွက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ပေါ့ ကျန်းမာရေးဝန်ကြီးဌာန အဝန်းအဝိုင်းမှာရော ဘယ်လိုများ မြင်ကြလဲခင်ဗျ။

ဖြေ။ ။ “သူကတော့ ဆရာဝန်ကောင်းတယောက်၊ ဝန်ထမ်းကောင်းတယောက်ပေါ့လေ။ ဒါပေမဲ့ အများပြည်သူတယောက်အနေနဲ့ ကျတော့လည်း ဘတ်ဂျက်တွေက ပိုရလာတယ်။ သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်လိုမှ မကောင်းဘူးဆိုတော့ ပြည်သူတယောက်အနေနဲ့ကတော့ ခံစားလို့ မရဘူးပေါ့။ သူတို့အစိုးရဆရာဝန်တွေ၊ ဒီအစိုးရဆေးရုံတွေအတွက်တော့ ကောင်းအောင်တော့ လုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ အများပြည်သူအတွက်ကျတော့ မလုပ်ပေးနိုင်တဲ့အတွက် ဝေဖန်မှုတွေက ဆိုးဆိုးရွားရွား ခံနေရတာပေါ့။ အခု လွှတ်တော်ထဲမှာဆိုရင်လည်း အပြောအဆိုခံရဆုံး ဌာနတခု ဖြစ်နေတာပေါ့လေ။”

ရာထူးကနေ အနားပေးခံရသူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ဟာဆိုရင် အရင်စစ်အစိုးရလက်ထက်မှာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား ဆက်ဆံရေးဝန်ကြီးအဖြစ်နဲ့ တာဝန်ယူခဲ့သူဖြစ်သလို၊ စစ်အစိုးရလက်ထက်ကနေ အစိုးရသစ် လက်ထက်အထိ အလုပ်သမားရေး ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ နောက် ပြန်ကြားရေးဝန်ကြီး ဖြစ်လာတာပါ။ တကယ်တော့ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း တနှစ်ပဲလိုတော့တဲ့အချိန်မှာ အခုလို ဝန်ကြီးအပြောင်းအလဲတချို့ဖြစ်လာတာဟာ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်ဖို့ တကယ်ပဲ အပြောင်းအလဲလုပ်တာလား၊ ဒါမှမဟုတ် အခုနကလို မအောင်မမြင်ဖြစ်နေရတဲ့ ကဏ္ဍတွေမှာ တာဝန်ရှိသူတွေကို ဖယ်ရှားခြင်းအားဖြင့် အစိုးရပုံရိပ်ကောင်းအောင် ကြိုးစားတာလားဆိုတာ မေးခွန်းပါ။ ဒေါက်တာဖုန်းဝင်းကတော့ နောက်ခြေလှမ်းကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

“တကယ့် ဟို နာမည်ကောင်းတဲ့ သဘောမျိုးပဲ ဝန်ကြီးတွေကို အရေးယူလိုက်ပြီ။ အလားတူ နောက်ထပ်ဝန်ကြီးတယောက်ကို ခန့်တယ်။ ဆိုလိုတာက ကိုယ့်ရဲ့နီးစပ်ရာ ဝန်ထမ်းတယောက်ကိုပဲ ခန့်တယ်ဆိုလို့ရှိရင်တော့ ဒါ နာမည်ယူယုံသက်သက် လုပ်တာပေါ့လေ။ တကယ့် ကောင်းစေချင်လို့ လုပ်တယ်ဆိုရင်တော့ ပြည်သူတွေအကျိုးကိုပဲ ကြည့်ပြီးတော့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်မယ့် နိုင်ငံရေးသမား တယောက်ကို ရွေးပြီးခန့်အပ်မှာပေါ့လေ။ အဲတော့ သူက တနှစ်လောက်ပဲ အချိန်ရှိတယ်။ ဒီတနှစ်အတွင်းမှာ ဖြေလျှော့စရာရှိတာတွေအားလုံးကို ဖြေလျှော့ပေးသွားမယ်။ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ လုပ်စရာရှိတာတွေကို ပြည်သူတွေအတွက် ရဲရဲတင်းတင်း ဆုံးဖြတ်သွားမယ်ဆိုရင်တော့ အဲ့ဒါမျိုးရင် ဒီလောကကြီး တိုးတက်သွားမှာပေါ့လေ။”

အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို မလိုက်နိုင်သူတွေကို ချန်ထားခဲ့မယ်ဆိုပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က သတိပေး ပြောဆိုခဲ့ဖူးတာ ရှိပါတယ်။ သူ့ရဲ့အစိုးရကာလ သက်တမ်းအတွင်းမှာလည်းပဲ ဒီပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ တော်တော်များများ လုပ်ခဲ့ရာမှာ ရာထူးကနေပြီး ဖယ်ရှားခံရသူ အများစုဟာ ပြုပြင်ပြောင်းလဲရေး မလိုလားသူ တနည်းအားဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အားနည်းသူအဖြစ် အများက ယူဆသတ်မှတ်ခံရသူတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG