သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားဆွေးနွေးပွဲ ဒေသခံတွေ မျှော်လင့်ချက်ထား


နိုဝင်ဘာလေးရက်နေ့ ကျင်းပမယ့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မည့် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ။ (နိုဝင်ဘာ ၃၊ ၂၀၁၃၊ ဓာတ်ပုံ-ဦးညိုအုန်းမြင့် Facebook)
နိုဝင်ဘာလေးရက်နေ့ ကျင်းပမယ့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မည့် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ။ (နိုဝင်ဘာ ၃၊ ၂၀၁၃၊ ဓာတ်ပုံ-ဦးညိုအုန်းမြင့် Facebook)
တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရစေဖို့ မနက်ဖြန် နိုဝင်ဘာလ ၄ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia ပါတက်ရောက်မှာ ဖြစ်ပါတယ်။

ဒေသခံတွေကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ထား နေကြတာပါ။ လိုင်ဇာဆွေးနွေးပွဲအပြီး ကျင်းပတဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ကို ရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို စပြောပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ “အစိုးရငြိမ်းချမ်းရေးကော်မတီကိုတော့ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တယ်လို့ သိရပါတယ်။ ဝန်ကြီးဦးအောင်မင်းလည်း အခု ရောက်နေပါပြီ။ တိုင်းရင်းသားတွေဘက်ကရောဆိုတဲ့နေရာမှာတော့ နိုဝင်ဘာလ ၁ ရက်နေ့က ရရှိလိုက်တဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်အရ သူတို့ ကော်မတီတစ်ခု ဖွဲ့ပါတယ်။ အဲဒီကော်မတီက ၁၃ ဦးပါဝင်ပါတယ်။ အဲဒီ ၁၃ ဦးကော်မတီကနေပြီးတော့ နောက်ပိုင်း အစိုးရနဲ့ပြုလုပ်တဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲတွေ အားလုံးကို အဲဒီ ၁၃ ဦး ကော်မတီက ဦးဆောင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိထားပါတယ်။

"ဒါပေမဲ့ အဲဒီမှာ တက်လာတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ RCSS လို့ခေါ်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီက ဘုံသဘောတူညီချက်မှာ အခုအချိန်အထိ သဘောတူလက်မှတ် မထိုးရသေးပါဘူး။ အဖွဲ့က ခေါင်းဆောင်တွေနဲ့ ပြန်တိုင်ပင်ဖို့လိုတယ်၊ အခုတော့ လက်မှတ်မထိုးနိုင်သေးဘူးလို့ ပြောပါတယ်။ သူတို့အနေနဲ့ လက်မှတ်မထိုးပေမဲ့လည်း အခု နိုဝင်ဘာလ ၄ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲကိုတော့ လိုက်ပါလာတာ တွေ့ရပါတယ်။ ကျနော် လမ်းမှာတွေ့တော့ သူ့ကို အလွတ်သဘော မေးကြည့်တဲ့ အခါမှာလည်း သူတို့အနေနဲ့ ဒီ အစည်းအဝေးပွဲကို တက်မယ်၊ တတ်နိုင် သလောက် သူတို့အနေနဲ့လည်း ဖြစ်စေချင်တယ်လို့ ပြောပါတယ်။”

မေး။ ။ အရင်အစည်းအဝေးတွေတုန်းက ကုလသမဂ္ဂတို့၊ တရုတ်နိုင်ငံက သံတမန်တွေပါ ပါပါတယ်။ အခု ဒီအစည်းအဝေးမှာရော ဘယ်သူတွေ တက်ရောက်မယ်လို့ အစီအစဉ်တွေ ကြားရပါလဲ။

ကိုဇော်ဝင်းလှိုင်။ ။ “အခု ကျနော်တို့ သိရသလောက်ဆိုရင်တော့ ကုလသမဂ္ဂ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီယားကတော့ မြစ်ကြီးနားမြို့ကို ရောက်နေပြီလို့ ကျနော်တို့ သိရပါတယ်။ သူ့ရဲ့လက်ထောက်နဲ့ ကျနော်နဲ့တွေ့ပြီး စကားပြောရပါတယ်။ သူ့အနေနဲ့ကတော့ အစည်းအဝေးမတိုင်ခင်မှာ ဘာမှ မပြောလိုသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့သိရတာကတော့ မစ္စတာ နမ်ဘီယားဟာ မြစ်ကြီးနားမြို့ကို ရောက်နေပြီ။ မနက်ဖြန်အစည်းအဝေးကို တက်ပါမယ်။ တိုင်းရင်းသားခေါင်းဆောင်တွေဘက်က မြို့မှာ ကျနော်တို့ရှိနေ ကတည်းက ပြောတာကလည်း သူတို့အနေနဲ့ ကုလသမဂ္ဂအပြင် တရုတ်အစိုးရ ဘက်က ကိုယ်စားလှယ်ကိုလည်း ဖိတ်မယ်လို့ ပြောပါတယ်။ မနက်ဖြန် အစည်းအဝေး စဖို့ကလည်း သိပ်မကွာတော့ဘူးဆိုတော့ - အခုအချိန်မှာတော့ တရုတ်အစိုးရ ကိုယ်စားလှယ်လည်း ရောက်နေလောက်ပြီလို့ ကျနော်တို့ ခန့်မှန်းရပါတယ်။”

မေး။ ။ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ အမြင်ကိုရော နည်းနည်း ပြောပြပေးပါလား။

“ဒေသခံတွေက အကောင်းမြင်ကြတာတွေ ရှိပါတယ်။ ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရောက်လာကြတဲ့အချိန်မှာပဲ သိန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ လမ်းကြောင်းတလျောက်လုံးပေါ့နော် - သောင်းသောင်းဖျဖျ အလံတွေ ဝှေ့ယမ်းပြီး ကြိုဆိုကြတာ တွေ့ရပါတယ်။ ဒေသခံတွေကို မေးကြည့်တဲ့ အခါမှာလည်း သူတို့ရဲ့ အမြင်တွေကို ပြောပါတယ်။”

ဒေသခံ(၁) ။ ။ “ခေါင်းဆောင်ပိုင်းတွေအပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ရဲ့နိုင်ငံရေးခေါင်းဆောင်တွေ - သူတို့ ဘယ်လိုလုပ်မလဲပေါ့နော်။ အရင်ကလည်း ငြိမ်းချမ်းရေး…ငြိမ်းချမ်းရေး..ပြောပြီးမှ ပြောတာတမျိုး၊ လုပ်တာတမျိုးနဲ့ ငြိမ်းချမ်းရေးက မရနိုင်ဘူးဆိုတော့ - လုပ်တဲ့အပေါ်မှာ မူတည်နေပါတယ်။”

ဒေသခံ (၂) ။ ။ “ဒီအစည်းအဝေးကြီးမှာ အောင်မြင်ခြင်းရလာမယ်လို့ ကျနော်တို့က ယူဆပါတယ်။ အားလုံးအောင်မြင်တယ်ဆိုတာနဲ့ ကျနော်တို့က ဝမ်းသာမဆုံးဘူး။ ဒီတခေါက်ဆိုလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရလာမယ်လို့ ကျနော် ယူဆပါတယ်။”

မေး။ ။ အခု ဒေသခံတွေကတော့ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး အကောင်း မျှော်လင့်ထားကြတယ်ပေါ့နော်၊ အစည်းအဝေးကို လာပြီးတက်မယ့် တိုင်းရင်းသားအဖွဲ့တွေထဲက ပုဂ္ဂိုလ်တွေနဲ့ရော ဘယ်သူနဲ့ စကားပြောဖြစ် ပါသေးလဲ။

ကိုဇော်ဝင်းလှိုင်။ ။ “ဟုတ်ကဲ့၊ ခရီးရောက်မဆိုက်ဆိုသလိုပေါ့လေ။ ကျနော်တို့ ကလည်း သူတို့အဖွဲ့တွေနဲ့ ကားတွေ၊ ယာဉ်တန်းကြီးနဲ့အတူ လိုက်လာရတာ ဆိုတော့ ရောက်ရောက်ချင်းပဲ တတ်နိုင်သလောက် လူတွေကို လိုက်ပြီး မေးမြန်းနိုင်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဝန်ကြီးဦးအောင်မင်းက အထဲမှာ ရောက်နေပြီးတော့ ကားပေါ်ကဆင်းတာနဲ့ ချက်ခြင်း လူတန်းကို ခေါ်သွား ကြတော့ လူတော်တော်များများတော့ ကျနော်တို့ စကားပြောခွင့် မရလိုက်ပါဘူး။ ဒါပေမဲ့ RCSS လို့ခေါ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှာ အကြံပေး ပုဂ္ဂိုလ်အဖြစ် လိုက်ပါလာတဲ့ ဦးခွန်ဆိုင်းကတော့ အခုလိုမျိုး လူထုကနေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အကောင်းမြင်မှုရှိနေတဲ့အချိန်၊ နှစ်ဘက်လည်း တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒတွေ ပြင်းပျနေတဲ့အချိန်မှာ ဒီအခွင့်အရေးလေးကို အမိအရဆုတ်ကိုင်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ လုပ်သင့်တယ်ဆိုတာမျိုး ပြောပါတယ်ဗျ။”

ဦးခွန်ဆိုင်း။ ။ “အခု ဒီအချိန်က Euphoria ဖြစ်တဲ့အချိန်ပဲဗျ။ ဒီဥစ္စာဟာဆိုလို့ ရှိရင်တော့ အားလုံးအတွက် ကောင်းနိုင်တာပေါ့။ ဒီဥစ္စာကို ကျနော်တို့ အသုံးမချတတ်ဘူးဆိုလို့ရှိရင်တော့ အားလုံးတောင့်တနေတဲ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။”

မေး။ ။ ဒေသတွင်းမှာ လုံခြုံရေးအခြေအနေကိုရော နည်းနည်းလောက် ရှင်းပြပေးပါအုံး ကိုဇော်ဝင်းလှိုင်။

ကိုဇော်ဝင်းလှိုင်။ ။ “ဟုတ်ကဲ့၊ လိုင်ဇာမြို့ကနေ ထွက်လာကြတဲ့ လမ်းကြောင်း တလျောက်မှာတော့ မြစ်ကြီးနားရောက်တဲ့အထိ လုံခြုံရေးက ဘာမှ သိသိသာသာတော့ မရှိလှပါဘူး။ ဒါပေမဲ့ မြစ်ကြီးနားမြို့ပေါ် ရောက်တဲ့ အချိန်မှာတော့ ရဲတွေရော၊ စစ်သားတွေရော လက်နက်ကိုင်အပြည့်နဲ့ပေါ့နော်။ လမ်းဆုံလမ်းခွတွေမှာ တော်တော်လေး ချထားတာ တွေ့ရပါတယ်။ တည်းခိုတဲ့ ဟော်တယ်တွေမှာလည်း တော်တော်လေးတင်းတင်းကျပ်ကျပ်နဲ့ မှတ်ပုံတင် စစ်တာတို့၊ ဧည့်သည်အဝင်အထွက်တို့ကို တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်ကိုင်ထားတာကို တွေ့ရပါတယ်။ လုံခြုံရေးအရ ပြောမယ်ဆိုရင်တော့ တော်တော်လေး သိသိသာသာ တိုးမြှင့်လုပ်ဆောင်ထားတာကို တွေ့ရတယ်လို့ ပြောရမှာပါ။”

ဒါကတော့ မြစ်ကြီးနားမြို့မှာ မနက်ဖြန်ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြောင်း ကိုဇော်ဝင်းလှိုင်ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG