သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန့်ရှင်းတဲ့ စွမ်းအင်နဲ့ နည်းပညာဈေးကွက်


သန့်ရှင်းတဲ့ စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းတွေကို တရုတ်နိုင်ငံမှာလည်း အကြီးအကျယ် ဆောင်ရွက်လာနေပါတယ်။

မေလ ၂၃၊ ၂၀၁၁-အစားထိုးနိုင်တဲ့ စွမ်းအင်တွေကို ပိုမိုသုံးစွဲဖို့ လိုအပ်နေပေမဲ့ ကမ္ဘာတ၀န်းက ဈေးကွက်တွေမှာ စိမ်ခေါ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။

ပြန်လည်အစားထိုးနိုင်တဲ့ စွမ်းအင် လုပ်ငန်းတွေအတွက် လိုအပ်မယ့် ပစ္စည်းထုတ်လုပ်မှုတွေဟာ အလုပ်အကိုင်ကောင်းတွေကို ဖန်တီးနိုင်တဲ့ အဓိက အရင်းအမြစ်တခုအဖြစ် ကမ္ဘာ့ခေါင်းဆောင်တွေက ပြောနေကြပါတယ်။ ဒါပေမဲ့လည်း ဈေးကွက်သစ်တွေ ရှာဖွေဖို့နဲ့ ကိုယ့်တိုင်းပြည်က လူထုအတွက် အလုပ်အကိုင် ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ ကုန်သွယ်ဖက်တွေ ကြားမှာတော့ ဒီလိုအစီအစဉ်တွေဟာ အငြင်းပွားစရာတွေလည်း ဖြစ်နေရဆဲပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Jim Randle သတင်းပေးပို့ ထားတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀န်း စွမ်းအင် လုပ်ငန်းတွေကနေ အစားထိုးနိုင်တဲ့ လောင်စာတွေ မြန်မြန်ဆန်ဆန် တိုးပြီး ထုတ်လုပ်သွားနိုင်ဖို့ ဇီဝလောင်စာ၊ လေနဲ့ နေရောင်ခြည် ဓာတ်အားပေး စက်ရုံတွေလို နေရာတွေမှာ လိုအပ်မယ့် ပစ္စည်းကရိယာတွေ ရရှိအောင် အလုပ်သမားတွေ ထောင်သောင်းချီ သုံးဖို့လိုပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ထဲ စီးပွားရေးအင်အား အကောင်းဆုံး တိုင်းပြည် ၂၀ မှာ ဆိုရင် သန့်ရှင်းတဲ့ စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းတွေအတွက် ကမ္ဘာတ၀န်း ငွေကြေးထောက်ပံ့မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ဒေါ်လာ သန်းပေါင်း ၂ သိန်းအထိ ရှိခဲ့တယ်လို့ စေတနာ့ဝန်ထမ်း အဖွဲ့တခုဖြစ်တဲ့ Pew Charitable Trusts ရဲ့ အစီရင်ခံစာ တစောင်က ဖော်ပြခဲ့တာပါ။ ဒီလို ငွေကြေးအရ ပံ့ပိုးမှုတွေဟာ ကမ္ဘာနဲ့အ၀န်း ကြီးထွားလာနေပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သန့်ရှင်းတဲ့ စွမ်းအင်တွေကို စက်ရုံ အလုပ်ရုံတွေမှာ ပိုသုံးရာက တိုင်းပြည်တွေအနေနဲ့ ပြည်ပကနေ ရေနံတွေ တင်သွင်းနေရတာတွေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ အလုပ်လက်မဲ့နှုန်းကိုပါ လျော့နည်းအောင် ဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ထားကြသူ နိုင်ငံတကာ ခေါင်းဆောင်တွေထဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား လည်း တဦးအပါအ၀င်ပါ။ ဒါကိုလည်း အဆင့်မြင့် ကားပစ္စည်းတွေနဲ့ လောင်စာဆီ ချွေတာတဲ့ မော်တော်ယဉ်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ရာ အမေရိကန် စက်ရုံတခုမှာ သမ္မတ အိုဘားမား က အလေးထား ပြောဆိုသွားပါတယ်။
“ဒီစက်ရုံကနေ သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းက အလုပ်တွေဟာ၊ ရှေ့အနာဂတ်အတွက် အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီနေရာက အလုပ်တွေဟာ ၀င်ငွေလည်း ကောင်းပါတယ်။ လာမယ့် နှစ်တွေအတွင်း ကျနော်တို့ စီးပွားရေး ဆက်ပြီး တိုးတက်သွားအောင်၊ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်အောင်နဲ့ အမေရိကန် နိုင်ငံဟာ ကမ္ဘာပေါ်မှာ သာယာဝပြောမှု အရှိဆုံး တိုင်းပြည်အဖြစ် သေချာပေါက် ဆက်ပြီးရပ်တည်နိုင်အောင် ဒီစက်ရုံလို သန့်ရှင်းတဲ့ စွမ်းအင် ကုမ္ပဏီမျိုးတွေကပဲ လုပ်ပေးသွားကြမှာပါ။”

သမ္မတ အိုဘားမား အစိုးရကတော့ အလုပ်အကိုင်တွေ ဖန်တီးရေးနဲ့ ပြည်ပပို့ကုန် လုပ်ငန်းအတွက် အခြေခံအရင်းအမြစ် တခုအဖြစ် သန့်ရှင်းတဲ့ နည်းပညာတွေ ရှာဖွေအသုံးပြုဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) နှီးနှောဖလှယ်ပွဲကို ကမကထလုပ် ကျင်းပရာ အိမ်ရှင် အဖြစ်နဲ့လည်း သန့်ရှင်းတဲ့ နည်းပညာတွေကို ကုန်သွယ်မှုတွေအပေါ် အဟန့်အတားတွေ ရှိနေတာတွေကို လျှော့ချသွားဖို့ အမေရိကန် အစိုးရက နှိုးဆော်နေတာပါ။

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းက မွန်တားနားပြည်နယ်မှာ မေလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ APEC အဖွဲ့ဝင် ၂၁ နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ၀န်ကြီးတွေ၊ အရာရှိတွေရဲ့ ဆွေးနွေးပွဲ အတွင်းမှာလည်း သန့်ရှင်းတဲ့ စွမ်းအင်နဲ့ နည်းပညာတွေ ဖန်တီးဖို့နဲ့ ထုတ်လုပ်ရရှိ လာတာတွေကို ကုန်သွယ်ရာမှာလည်း တိုးချဲ့ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို သန့်ရှင်းတဲ့ နည်းပညာတွေကို ကုန်သွယ်မှုတွေမှာ ပြဿနာတွေကလည်း ရှိနေတာပါ။ သမ္မတ အိုဘားမား အစိုးရကတော့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်နိုင်မယ့် ပစ္စည်းကရိယာတွေကို တရုတ်နိုင်ငံမှာ ရောင်းချလိုတဲ့ ကုမ္ပဏီတွေကို အစိုးရက ခွဲခြားဆက်ဆံတာတွေ ရှိတယ်ဆိုပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို တိုင်ကြားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု Peterson နိုင်ငံတကာ စီးပွားရေး တက္ကသိုလ်က APEC ရေးရာကျွမ်းကျင်သူ ဖရက်ဒ် ဘဂ်စတန်း (Fred Bergsten) ကတော့ အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးတာ၊ အစိုးရဌာနတွေ အနေနဲ့ ပြည်တွင်းထုတ် ကုန်ပစ္စည်းတွေကိုသာ သုံးစွဲဖို့ သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထားတာ စတာတွေလို လုပ်ထုံးလုပ်နည်းတွေနဲ့ တရုတ်အစိုးရက သူ့ရဲ့ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေကို အားပေးနေတယ်လို့ ပြောပါတယ်။
“တရုတ်နိုင်ငံဟာ ကမ္ဘာတ၀န်း သူလိုက်နာရမယ့် စည်းကမ်းတွေထဲက တချို့ကို ချိုးဖောက်နေတဲ့ နေရာမှာ ဘယ်လောက် အတိုင်းအတာအထိ ရှိမလဲဆိုတာ နိုင်ငံတကာ ကုန်သွယ်ရေး တရားရုံးအနေနဲ့ ရှာဖွေဖော်ထုတ်နိုင်မယ့် အခွင့်အလန်း အတော်များများ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ သဘောတူညီချက်အရ တားမြစ်မှုတွေထဲမှာ အကျုံးဝင်ကောင်းဝင်နိုင်တဲ့ ကိစ္စတွေကို တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေပြီလို့လည်း အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ အလားတူ အချေအတင် ဖြစ်စရာ ပြဿနာမျိုး နောက်ထပ် APEC အဖွဲ့ဝင်တွေ ကြားမှာလည်း ကြုံနေရတာပါ။ ကနေဒါနိုင်ငံမှာ ပြည်ပပို့ကုန်တွေအပေါ် တဖက်သတ် ပြုမူတာတွေ ရှိနေတယ်ဆိုပြီး ဂျပန်နိုင်ငံက စွပ်စွဲထားတာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ Ontario ပြည်နယ်ရဲ့ ၀န်ကြီးချုပ် ဒေါ်လ်တန် မက်ဂွင်တီ (Dalton McGuinty) ကတော့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်သူ ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းထုတ်ကုန်တွေကို သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းအလိုက် သုံးစွဲသွားဖို့ လိုအပ်တဲ့အကြောင်း စွပ်စွဲချက်အပေါ် တုံ့ပြန်ပြောဆိုသွားတာပါ။ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကျွမ်းကျင်သူ ဥပဒေပညာရှင် လာရီ ဟာမန်း (Larry Herman) ကတော့ ကနေဒါနိုင်ငံ အနေနဲ့ ပြည်တွင်း ထုတ်ကုန်တွေသုံးဖို့ သတ်မှတ်ချက်အတိုင်း ကိုက်ညီမှုရှိရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ကုန်တင်သွင်းမယ့် ဘယ်နိုင်ငံ အပေါ်မှာမဆို ကျင့်သုံးသွားဖို့ ပိုဖြစ်နိုင်တယ်လို့ မြင်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အနေနဲ့ကတော့ ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ဥပဒေနဲ့ဆန့်ကျင်ပြီး တဖက်သတ် ဖိနှိပ်ဆက်ဆံရာ ရောက်မရောက် ဆုံးဖြတ်နိုင်မယ့် အထောက်အထားတွေ အဖြစ် ပြည်တွင်းထုတ်ကုန်တွေ သုံးစွဲဖို့ သတ်မှတ်ချက်တွေ၊ ဒါမှမဟုတ်ရင်လည်း ပြည်တွင်းကုမ္ပဏီတွေကို ဘဏ္ဍာရေးအရ ထောက်ပံ့နေတာတွေကို လေ့လာဆန်းစစ်သွားဖို့ ရှိတယ်လို့လည်း ကုန်သွယ်ရေးဆိုင်ရာ ရှေ့နေဖြစ်တဲ့ ဟာမန်း က ပြောပါတယ်။
“ဒါတွေက ပြည်တွင်းက ထုတ်လုပ်သူတွေထက် နိုင်ငံခြားသားတွေအပေါ် ပိုပြီး ဆိုးဆိုးရွားရွား ပြုမူနေသလား? ဒုတိယတချက် အနေနဲ့ကတော့၊ ဒီသတ်မှတ်ချက်တွေနဲ့ ဒီသတ်မှတ်ချက်တွေရဲ့ တစိတ်တပိုင်းက ဥပဒေနဲ့ မညီတဲ့ အားပေးမှုတွေလား? ဆိုတာပဲ ဖြစ်ပါတယ်။”

လတ်တလောမှာတော့ ပြဿနာတွေဟာ ကနဦးအဆင့်မှာပဲ ရှိနေဆဲဖြစ်ပြီး၊ ရှုပ်ထွေးပြီး အချိန်ယူရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေတယ်လို့လည်း သူက ခန့်မှန်းပါတယ်။ နိုင်ငံအတော်များများက ကုမ္ပဏီတွေ၊ အစိုးရတွေကတော့ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပိုရဖို့ ကြိုးပမ်းမှုတွေကို ဘယ်လောက် အတိုင်းအတာအထိ လုပ်သွားနိုင်မလဲ၊ ဒီလိုပဲ ထုတ်ကုန်တွေကို အလားအလာရှိတဲ့ ပြည်ပဈေးကွက်တွေထဲ တိုးချဲ့ထိုးဖောက်သွားဖို့ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာတွေအတွက် လမ်းညွှန်ချက်တွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဆုံးဖြတ်သတ်မှတ် သွားနိုင်မယ့်အပေါ် အနီးကပ် စောင့်ကြည့် နေကြတယ်လို့လည်း ကုန်သွယ်ရေးဆိုင်ရာ ဥပဒေပညာရှင် ဟာမန်း ကပြောပါတယ်။

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးကတော့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (APEC) ကနေ ဒီလို ပြဿနာတွေ လျော့ပါးအောင် ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုထားတာပါ။ APEC အဖွဲ့ရဲ့ ၀န်ကြီးတွေ၊ အရာရှိတွေ အနေနဲ့ကတော့ အာရှ-ပစိဖိတ် ဒေသတွင်းမှာ လွတ်လပ်စွာကုန်သွယ်မှု နယ်မြေတခု ဖန်တီးနိုင်ရေး အတွက်လည်း ဆွေးနွေးသွားကြဖို့ ရှိနေပါတယ်။ ဒီလိုရေရှည် ရည်မှန်းချက်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အမေရိကန် အပါအ၀င် APEC အဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်ပြီး TPP လို့ အတိုကောက် ခေါ်ဝေါ်သုံးနှုန်းတဲ့ ပစိဖိတ်ဒေသ မိတ်ဖက်အဖွဲ့တခုကို ထူထောင်သွားဖို့လည်း ကြိုးပမ်းနေကြတာပါ။ ဒီအဖွဲ့အတွက် ယေဘုယျ ဖွဲ့စည်းပုံတရပ်ကိုလည်း ဟာဝိုင်အီကျွန်းမှာ နိုဝင်ဘာလထဲ ကျင်းပသွားမယ့် ထိပ်သီးအစည်းအဝေးပွဲမှာ သဘောတူညီမှု ရအောင် ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ APEC အဖွဲ့က မျှော်လင့်ထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG