အကြွေးတွေ ပင်လယ်ဝေနေတဲ့ ဂရိနိုင်ငံ ပါလီမန်က ခြိုးခြံချွေတာရေး အစီအစဉ်သစ် တရပ်ရဲ့ အသေးစိတ် အချက်အလက် အားလုံးကို နောက်ဆုံး အတည်ပြုပေးလိုက်ပါပြီ။ နိုင်ငံတကာ အကူအညီတွေ ရလာနိုင်ဖို့ လမ်းရှင်းပေးလိုက်တာပါ။
ဂရိဝန်ကြီးချုပ် ဂျော့ဂ်ျ ပါပန်ဒရီယို (George Papandreou) အဆိုပြုထားတဲ့ အခွန်တိုးကောက်ဖို့၊ အစိုးရသုံးငွေ ဖြတ်တောက်ဖို့နဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကို ရောင်းချဖို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀,၀၀၀ တန်တဲ့ ဒီအစီအစဉ်ရဲ့ အသေးစိတ် လုပ်ရမှာတွေကို အေသင်မြို့တော်မှာ ပါလီမန် အမတ်တွေက ဒီနေ့ပဲ ထောက်ခံမဲ ပေးလိုက်ကြတာ ဖြစ်ပါတယ်။
အခုလို ဘတ်ဂျက်အသေးစိတ် အတည်ပြုလိုက်ချိန်မှာ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ ဥရောပသမဂ္ဂတို့က မနှစ်က ဂရိနိုင်ငံက ရဖို့ ကတိရထားပြီးတဲ့ စုစုပေါင်းချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၆,၀၀၀ ထဲကနေ သန်းပေါင်း ၁၇,၀၀၀ ကို ထုတ်ပေးဖို့ ကတိပေးခဲ့ပါတယ်။
ဒီငွေကြေးတွေ ရလာတာကြောင့် ဂရိအနေနဲ့ စက်တင်ဘာ လလယ်အထိ အစိုးရ လည်ပတ်ဖို့နဲ့ ချေးငွေတွေ ပြန်ဆပ်ဖို့အတွက် ငွေရှိလာမှာ ဖြစ်ပါတယ်။