ဥရောပတိုက်က အကြွေးတင်နေတဲ့ ဂရိနိုင်ငံမှာ နိုင်ငံတကာ ဘဏ္ဍာငွေကြေး အထောက်အပံ့တွေ ရလာဖို့ ရည်ရွယ်ပြီး ကျယ်ပြန့်တဲ့ ခြိုးခြံချွေတာရေး အစီအစဉ်သစ်တရပ် လုပ်ဆောင်ဖို့ ပထမအဆင့်ကို ဂရိလွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။
ဆိုရှယ်လစ် ၀န်ကြီးချုပ် ဂျော့ဂ်ျ ပါပန်ဒရီယို (George Papandreou) ရဲ့ အခွန်တွေ တိုးကောက်ဖို့၊ သုံးစွဲငွေ ဖြတ်တောက်ဖို့နဲ့ နိုင်ငံပိုင် လုပ်ငန်းတွေကို ရောင်းချဖို့ ဒေါ်လာ သန်းပေါင်း ၄၀,၀၀၀ တန် အစီအစဉ်တရပ်ကို ဗုဒ္ဓဟူးနေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ မျှော်လင့်ထားတဲ့ မဲအရေအတွက်ထက် ကျော်လွန်ပြီး ထောက်ခံမဲ ၁၅၅ မဲ၊ ကန့်ကွက်မဲ ၁၃၈ မဲနဲ့ စီမံကိန်းကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကို ကန့်ကွက်တဲ့ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာနဲ့အမျှ လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ အေသင်မြို့လယ်ခေါင်က လွှတ်တော် အဆောက်အဦး အပြင်ဘက်မှာ ၂ ရက်မြောက် ဆက်တိုက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လွှတ်တော်အပြင်ဘက်က ရင်ပြင်မှာ မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်။
ဆန္ဒပြလူအုပ်စု တစုဟာ အနီးအနားက ဘဏ္ဍာရေး ၀န်ကြီးဌာန အဆောက်အဦးရဲ့ မြေညီထပ်မှာရှိတဲ့ စာတိုက်ကို မီးတင်ရှို့ခဲ့ကြပါတယ်။ ခြိုးခြံချွေတာရေး အစီအစဉ်ကို ကန့်ကွက်မဲပေးမယ်လို့ ပြောခဲ့ပြီး တကယ်တမ်းကျ ထောက်ခံခဲ့တဲ့ ဆိုရှယ်လစ်အမတ် တယောက်ကို ဆန္ဒပြသူတွေက ရေဘူးတွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။