သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိနိုင်ငံ ကြွေးမြီ အချိန်မီ ပြန်ဆပ်နိုင်ဖို့ ပျက်ကွက်


နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကို ပေးဆပ်စရာရှိတဲ့ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကို နောက်ဆုံးအချိန်မှာ ဂရိက ပေးဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ စီးပွားရေးဖွံ့ဖြိုးပြီး အဓိကနိုင်ငံတခုအနေနဲ့ ပထမဦးဆုံးအကြိမ် ပေးဆပ်ရမယ့် အကြွေးကို ပေးဆပ်ဖို့ ပျက်ကွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂရိအနေနဲ့ ကြွေးရှင်တွေကို အချိန်မီ ပေးဆပ်နိုင်ဖို့အတွက် ဥရောပဘဏ္ဍာရေး ဝန်ကြီးတွေက အင်္ဂါနေ့က ငွေစိုက်ထုတ်ချေးဖို့ အစီအစဉ်ကို မပေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂရိကတော့ နောက်တဆင့်အနေနဲ့ ချေးငွေပြန်ဆပ်နိုင်မယ့် ရက်တိုးပေးဖို့ မေတ္တာ ရပ်ခံချက်ကို IMF က လက်ခံလိမ့်မယ့်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ပြီး အသုံးစရိတ်တွေ ဖျက်တောက်ဖို့ နိုင်ငံသားတွေ သဘောတူမတူ ကောက်ခံမယ့် တနင်္ဂနွေနေ့ လူထုဆန္ဒခံယူပွဲကို ဖျက်သိမ်းလိုက်မယ်လို့ ဂရိအစိုးရက ကြေညာပါတယ်။

အခုလို ကြွေးမြီပေးဆပ်ဖို့ ပျက်ကွက်ခြင်းကြောင့် ဂရိအနေနဲ့ ယူရိုငွေသုံးတဲ့ ဇုန်နယ်မြေကနေ ထွက်ပေးရမှာ ဖြစ်နိုင်ချေရှိတဲ့အတွက် ဥရောပဈေးကွက်တွေအပေါ် ဂယက်ရိုက်စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ဂရိနိုင်ငံဟာ အကြွေးတွေ မြောက်များစွာတင်ခဲ့တာဖြစ်ပေမဲ့ စီးပွားရေး ခြိုးခြံချွေတာမှု ပိုလုပ်ဆောင်ဖို့ EU ရဲ့တောင်းဆိုချက်တွေကို ဂရိအစိုးရက လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်။ အသုံးစရိတ်တွေ ဖြတ်တောက်ပြီး အခွန်ငွေတွေ တိုးကောက်ခြင်းအားဖြင့် ဂရိနိုင်ငံသားတွေဟာ လူနေမှုအဆင့်အတန်း ကျဆင်းခဲ့တဲ့အတွက် ဒါထက်ပိုပြီး ခြိုးခြံချွေတာမှုတွေ မလုပ်နိုင်ခဲ့တဲ့အကြောင်း ဂရိအစိုးရက ပြောပါတယ်။

အင်္ဂါနေ့ကတော့ ဂရိဘဏ်တွေနဲ့အတူ စတော့ဈေးကွက်တွေလည်း ပိတ်ထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးအနာဂတ် မသေချာ၊ မရေရာဖြစ်နေပြီး ဂရိဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ပင်စင်စားတွေအတွက် နိုင်ငံတဝှမ်း ဘဏ်ပေါင်း တထောင်လောက် ဖွင့်ထားပေးမယ်လို့ ပြောပါတယ်။ ပင်စင်စားတွေအများစုဟာ သီတင်းတပတ်စာ စားသုံးစရိတ် လိုအပ်တဲ့ ငွေထုတ်နိုင်ဖို့ ATM ငွေထုတ်ကဒ်ပြားတွေ မရှိကြတဲ့အတွက် အခုလို ဘဏ်တွေကို ဖွင့်ထားပေးဖို့ စီစဉ်ရတာဖြစ်ပါတယ်။

XS
SM
MD
LG