အကြွေးထူပြောနေတဲ့ ဂရိနိုင်ငံအနေနဲ့ အခွန်နဲ့ ပင်စင် ပြုပြင်ပြောင်းလဲရေးတွေကို ချက်ခြင်း လုပ်ဆောင်မယ်လို့ ကတိပြုလိုက်ပြီး၊ ၃ နှစ်တာ ထောက်ပံ့ကြေးတွေ ပေး ကြပါလို့ ဥရောပ အိမ်နီးချင်းတွေကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
Strasbourg မြို့ ဥရောပပါလီမန်ကို ပြောကြားရာမှာ ဂရိဝန်ကြီးချုပ် Alexis Tsipras က ဂရိကြွေးမြီကိစ္စ ခြေကုန်လက်ပမ်း ဖြစ်နေကြတဲ့ ဥရောပခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်အတိုင်း ကြာသပတေးနေ့ကို နောက်ဆုံထားပြီး တိကျခိုင်မာတဲ့ အဆိုပြုချက်တွေ တင်ပြမယ်လို့ ဆိုသွားတာပါ။
နိုင်ငံရဲ့ ဘဏ်တိုက်တွေ ချွတ်ခြုံကျနေပြီး၊ ငွေကြေးကုန်ခန်းလု ဖြစ်နေချိန်မှာ ဝန်ကြီးချုပ် Tsipras က ထောက်ပံ့ကြေး ပေးဖို့အတွက် ဥရောပခေါင်းဆောင်တွေ သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်မီ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးအထောက်အပံ့ ပိုမိုရရှိဖို့အတွက် ခြိုးခြံချွေတာရေး ထပ်လုပ်ဖို့ တုံ့နှေးနေရတဲ့ ကိစ္စကိုလည်း ခုခံပြောဆိုပြီး၊ နိုင်ငံတကာ ကြွေးရှင်တွေ ချမှတ်တဲ့ ၅ နှစ်တာ ခြိုးခြံချွေတာရေး ကန့်သတ်မှုတွေဟာ မအောင်မြင်ခဲ့ဘူးလို့လည်း ပြောသွားပါတယ်။
ဂရိကို အထောက်အပံ့သစ်တွေ ပေးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တရပ်ကို လာမယ့် တနင်္ဂနွေနေ့ ဥရောပထိပ်သီး အစည်းအဝေးပွဲမှာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ သဘောတူညီမှု မရခဲ့ဘူးဆိုရင်တော့ ဂရိနိုင်ငံဟာ ၁၉ နိုင်ငံပါ ဥရောပငွေကြေးဇုန်က နှုတ်ထွက်ရဖွယ် ရှိနေပါတယ်။