ဥရောပတိုက်ထဲမှာရှိတဲ့ ဂရိနိုင်ငံ ဖြစ်နေတဲ့ အကြွေးပြဿနာဟာ ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။
အကြွေးခေါင်ခိုက်နေတဲ့ ဂရိနိုင်ငံကို ဥရောပ ခေါင်းဆောင်တွေ ကယ်ဆယ်နိုင်လိမ့်မယ်လို့ ကမ္ဘာတဝန်းက ဈေးကွက်တွေက အခုချိန်ထိ လက်ခံယုံကြည်မှု မရှိကြသေးဘူးလို့ IMF ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဂရိအစိုးရကို ဒုတိယအသုတ် ငွေကြေး အကူအညီပေးရေးနဲ့ ပတ်သက်လို့ ဥရောပ ခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ် (Brussels) မြို့တော်မှာ ကြာသပတေးနေ့ကျရင် တွေ့ဆုံကြဖို့ ရှိပါတယ်။
IMF နဲ့ EU ပေါင်းပြီး ဂရိကို ဒေါ်လာ ၁၆၀ ဘီလျံ ငွေချေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒေါ်လာ သန်းပေါင်းများစွာပါတဲ့ ပထမအသုတ် ပေးခဲ့ပြီး ဖြစ်ပေမဲ့ အခုချိန်ထိတော့ ဂရိနိုင်ငံရဲ့ စီးပွားရေးဟာ ထိထိရောက်ရောက် တိုးတက်မှု မရှိသေးဘူးလို့ ပြောပါတယ်။