သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဝန်ကြီးချုပ် ရာထူးစွန့်မည်

ဂရိဝန်ကြီးချုပ် ရာထူးစွန့်မည်
ဂရိဝန်ကြီးချုပ် ရာထူးစွန့်မည်

ဂရိနိုင်ငံအတွက် ဥရောပသမဂ္ဂ (EU) ရဲ့ ငွေကြေးအထောက်အကူ အစီအစဉ်သစ်ကို သဘောတူညီမှုရအောင် အဓိကထားလုပ်ဆောင်ပေးရမယ့် ရေတို ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဝန်ကြီးချုပ် ဂျော့ ပါပန်ဒရီယို (George Papandreou) က ရာထူးကဆင်းပေးဖို့ သဘောတူလိုက်ပါတယ်။ ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်တဲ့ မစ္စတာ ပါပန်ဒရီယို ဟာ အတိုက်အခံ ဒီမိုကရေစီသစ် ပါတီရဲ့ အကြီးအကဲ အန်တိုနီစ် ဆန်မရာ့စ် (Antonis Samaras) နဲ့ တွေ့ဆုံခဲ့ပါတယ်။

ညွှန့်ပေါင်းအစိုးရဟာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အစောဆုံး မတ်လလောက်ထိ နိုင်ငံကိုအုပ်ချုပ်မှာ ဖြစ်ပါတယ်။ ညွှန့်ပေါင်းအစိုးရသစ်ကို ဘယ်သူ ဦးဆောင်မလဲဆိုတာ ဆုံးဖြတ်ဖို့ အဖွဲ့ပေါင်းစုံက ဒီကနေ့ တနင်္လာနေ့မှာ ထပ်ပြီးတွေ့ဆုံကြဖို့ ရှိပါတယ်။ ယာယီအစိုးရအဖွဲ့ ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ဥရောပသမဂ္ဂရဲ့
ငွေကြေးထောက်ကူ အစီအစဉ်သစ်ပါ စည်းမျဉ်းစည်းကမ်းတွေကို ဂရိလွှတ်တော်နဲ့ ဝန်ကြီးအဖွဲ့တို့က သဘောတူ လက်ခံလာအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ အခွန်အတုတ်တွေ တိုးမြှင့် ကောက်ခံဖို့၊ အစိုးရအလုပ်နေရာတွေ ထပ်လျှော့ချဖို့နဲ့ ပင်စင်ငွေ ပိုလျှော်ပစ်ဖို့တွေ ပါဝင်ပါတယ်။

ဂရိနိုင်ငံအတွက် EU ဥရောပသမဂ္ဂရဲ့ ငွေကြေးထောက်ကူ အစီအစဉ်သစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်ခံမခံ ဆန်းစစ်ဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ မစ္စတာ ပါပန်ဒရီယို အရင်အပတ်ကပဲ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက်မှာ ဂရိနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ စတင် ပေါ်ပေါက်လာတာပါ။

မစ္စတာ ပါပန်ဒရီယိုရဲ့ ကြေညာချက်ကြောင့် တနိုင်ငံလုံး အလန့်တကြားဖြစ်ခဲ့ပြီး ဥရောပသမဂ္ဂလည်း အထူး အံ့အားသင့်ခဲ့ရတာပါ။ ဥရောပသမဂ္ဂရော သူ့ရဲ့အစိုးရကိုယ်တိုင်နဲ့ လွှတ်တော်က ဖိအားပေးလို့ ဝန်ကြီးချုပ် ပါပန်ဒရီယိုက အဲဒီ လူထုဆန္ဒခံယူပွဲ ကျင်းပမယ့်အစီအစဉ်ကို လက်လျှော့လိုက်ရပါတယ်။

This item is part of
XS
SM
MD
LG