သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ဂရိသမ္မတ ကြိုးပမ်း

ဂရိနိုင်ငံမှာ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ရေးအတွက် နောက်ဆုံး ကြိုးပမ်းတဲ့အနေနဲ့ သမ္မတက အဓိက နိုင်ငံရေးပါတီကြီး ၃ ခုက ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံနေပါတယ်။

ကွန်ဆာဗေးတစ် ဒီမိုကရက်တစ်ပါတီသစ် ၊ အလယ်အလတ်ဝါဒကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ Syriza ပါတီနဲ့ ဆိုရှယ်လစ် PASOK ပါတီက ခေါင်းဆောင်တွေကို သမ္မတ Karolos Papoulias က ဒီကနေ့ ခေါ်တွေ့နေတာပါ။ နောက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီငယ်လေးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြင်းမရှိတဲ့အတွက် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပစရာ မလိုအောင် သမ္မတက ပါတီခေါင်းဆောင်တွေနဲ့ အခုလို တွေ့ဆုံနေတာပါ။ သူ့အနေနဲ့ မျှော်လင့်ချက်သိပ်မရှိဘူးလို့ တနင်္ဂနွေနေ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ PASOK ပါတီ ခေါင်းဆောင် Evangelos Venizelos က ပြောပါတယ်။

လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီငယ်လေးတွေက သူတို့နဲ့ ပူးပေါင်းလာရင်တော့ ဒီမိုကရက်တစ်ပါတီသစ်နဲ့ PASOK ပါတီတို့ ၂ ခုပေါင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်မှာဖြစ်ပေမဲ့ Syriza ပါတီ မပါဘဲ သူတို့ချည်းပဲ လာမပေါင်းလိုဘူး ဆိုပြီး ငြင်းဆိုနေကြတာပါ။

သမ္မတ Papoulias အနေနဲ့ လာမယ့် ကြာသပတေးနေ့အထိ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အချိန်ကျန်ပါသေးတယ်။ တကယ်လို့ သဘောတူညီချက် တစုံတရာ မရရင်တော့ ဂရိနိုင်ငံမှာ ဇွန်လအတွင်း ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးရမှာပါ။

အကြွေးတွေနဲ့ ပိနေတဲ့ ဂရိအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဥရောပ အိမ်နီးချင်းနိုင်ငံတွေရဲ့ တောင်းဆိုချက်တွေအတိုင်း အစိုးရအသုံးစားရိတ် လျော့ချရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်လျောပေးလိုက်တဲ့အပေါ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေတာပါ။

This item is part of
XS
SM
MD
LG