သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိကမ်းရိုးတန်းငါးဖမ်းလှေတိမ်းမှောက် ရွေ့ပြောင်း ၇၉ ဦးထက်မနည်းသေဆုံး


ဂရိကမ်းရိုးတန်းငါးဖမ်းလှေတိမ်းမှောက်ရာမှာ သေဆုံးသူရုပ်အေလာင်းများ၊ ဇွန် ၁၄၊ ၂၀၂၃
ဂရိကမ်းရိုးတန်းငါးဖမ်းလှေတိမ်းမှောက်ရာမှာ သေဆုံးသူရုပ်အေလာင်းများ၊ ဇွန် ၁၄၊ ၂၀၂၃
ဂရိကမ်းရိုးတန်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ငါးဖမ်းသင်္ဘောတစင်း တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၇၉ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီးကျန် လူအများအပြားလည်း ပျောက်ဆုံးနေ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ လေယာဉ် နဲ့ ရဟတ်ယာဉ်တွေ အပါအဝင် ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ ကုန်သင်္ဘောတွေ ပါဝင်တဲ့ အကြီးစားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလည်း စတင်နေတယ် ဆိုပါတယ်။။ ဂရိနိုင်ငံ တောင်ပိုင်း Peloponnese ကျွန်းဆွယ်အနောက်တောင်ဘက် ၇၅ ကီလိုမီတာအကွာ နိုင်ငံတကာ ရေပြင်မှာ လှေနစ်မြုပ်ပြီးနောက် လူ ၁၀၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေထဲက ၂၅ ဦးဟာ ခန္ဓာကိုယ် အပူချိန် အလွန်အမင်းကျဆင်းနေလို့ ဆေးရုံတင်ထားရပါတယ်။

မြေထဲပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေထဲက ရေပြင်အနီးမှာ လှေတိမ်းမှောက်ခဲ့တာပါ။ ကနဦး အစီရင်ခံစာတွေအရသင်္ဘောပေါ်တွင် လူ ၄၀၀ အထိ လိုက်ပါလာနိုင်တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများအေဂျင်စီ IOM ကပြောပေမယ့် ခရီးသည် ဘယ်လောက်များများ ရေထဲမှာ ပျောက်ဆုံးနေလဲဆိုတာနဲ့ နစ်မြုပ်သွားတဲ့ သင်္ဘောထဲမှာ ပိတ်မိနေသူ ဘယ်လောက်များများ ကျန်သေးလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တခြားတက်ကြွလှုပ်ရှားသူကွန်ရက်တခု ရဲ့ ပြောဆိုချက်အရတော့ သင်္ဘော မှောက်ခဲ့တဲ့နေရာ အနီးကနေ ဒုက္ခရောက်နေကြောင်း အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ သင်္ဘောပေါ်မှာ လူ ၇၅၀ တင်ဆောင်လာတယ်လို့ ပြောပေမယ့် ဒါဟာနစ်မြုပ်သွားတဲ့ သင်္ဘောဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လွတ်မြောက်လာသူတွေထဲမှာ ပါလက်စတိုင်း၊ အီဂျစ်၊ ပါကစ္စတန်နဲ့ ဆီးရီးယားကလာသူတွေ ပါဝင်ပါတယ်။
သင်္ဘောဟာ အီတလီနိုင်ငံကိုသွားဖို့ လစ်ဗျားနိုင်ငံအရှေ့ပိုင်း Tobruk ဒေသကနေ ထွက်လာတာလို့ ယူဆရပါတယ်။

လစ်ဗျားမှာ၂၀၁၁ ခုနှစ်ကနေတိုးကျောထောက်နောက်ခံပြု လူထုအုံကြွမှုအပြီး အာဏာရှင် မိုမာကဒါဖီ ပြုတ်ကျပြီးနောက်ပိုင်း မငြိမ်မသက် ဖြစ်နေပြီး လစ်ဗျားလမ်းကြောင်းဟာ ဥရောပကို ပို့ဆောင်ဖို့ လူမှောင်ခိုသမားတွေ အဓိကအသုံးပြုနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ရွှေ့ပြောင်းသူတွေ အသုံးပြုလေ့ရှိတဲ့ မြေထဲပင်လယ်အလယ်ပိုင်းကို ဖြတ်ရတဲ့ မြောက်အာဖရိက ကနေ အီတလီကို သွားတဲ့လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး လမ်းကြောင်း ဖြစ်နေပြီး IOM ရဲ့ မှတ်တမ်းတွေ အရအဲဒီလမ်းကြောင်း တလျှောက် ၂၀၁၄ ခုနှစ်ကစပြီး သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးသူ အရေအတွက်က ၁၇,၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG