ဂရိနိုင်ငံအနေနဲ့ တတိယအကြိမ်မြောက် အရေးတကြီးလိုအပ်နေတဲ့ နောက်ထပ်ချေးငွေကို ဥရောပသမဂ္ဂ EU ဆီကနေရဖို့ ရည်ရွယ်တဲ့ နောက်ဆုံး စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ယူရိုငွေကြေးသုံးအုပ်စုထဲက ဘဏ္ဍာရေးဝန်ကြီးတွေ ဆွေးနွေး ကြပါတယ်။
ဂရိနိုင်ငံ ဆက်ပြီး လည်ပတ်နေနိုင်ဖို့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ သဘောတူညီချက် ရနိုင်ဖွယ်ရှိတယ်လို့ EU တာဝန်ရှိသူတွေက အရိပ်အမြွက်ပြောပေမဲ့ ဆွေးနွေးပွဲတွေ လွယ်ကူလိမ့်မယ်လို့တော့ သူတို့က မျှော်လင့်မထားပါဘူး။
ဂရိနိုင်ငံရဲ့ အကြီးဆုံးမြီရှင်နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး Wolfgang Schaeuble က မကြာသေးခင် လတွေအတွင်း ဂရိကို အပြင်းအထန် ဝေဖန် ပြောဆိုထားတာပါ။
လက်ရှိအကျပ်အတည်းအတွက် သဘောထားတင်းမာတဲ့ လက်ဝဲဝါဒီ Syriza ပါတီက ဝန်ကြီးချုပ် Aleixs Tsipras ကို Schaeuble က ပြစ်တင် ဝေဖန်တာ မရပ်သေးပါဘူး။
ဒါပေမဲ့လဲ ဝန်ကြီးချုပ် Tsipras ရဲ့ အဆိုပြုချက်ကို လေ့လာသုံးသပ်ပြီးတဲ့နောက် ဥရောပကော်မရှင်၊ ဥရောပဗဟိုဘဏ် ECB နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့က ဂရိအတွက် သတ်မှတ်ချက်ပါရှိတဲ့ ချေးငွေတွေပေးရေး စေ့စပ်ညှိနှိုင်းဖို့ လုံလောက် တဲ့ အခြေခံရှိတယ်လို့ ယူရိုဇုံအစိုးရတွေကို ပြောထားပါတယ်။