ဂရိနိုင်ငံရဲ့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ထိပ်သီးဆွေးနွေးပွဲတခု အမြန်ဆုံးကျင်းပခဲ့ကြပြီးတဲ့နောက်မှာ ဂရိနဲ့ ဥရောပနိုင်ငံတွေ တတိယ ငွေကြေး ထောက်ကူ အစီအစဉ်တခုကို သဘောတူလိုက်ကြပါတယ်။
၁၇ နာရီကြာအောင် ပြောဆိုဆွေနွေးခဲ့ကြပြီးနောက်မှာ အားလုံးတညီတညွတ်တည်း ထောက်ခံတဲ့ သဘောတူညီမှုရခဲ့ကြတယ်လို့ EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Donald Tusk က Brussels မြို့တော်ကနေ ဒီကနေ့ပဲ ပြောသွားတာဖြစ်ပါတယ်။ ဂရိအတွက် သိပ်လိုအပ်နေတဲ့ အဆိုပြု ဒေါ်လာ သန်းပေါင်း (၁) သိန်းနီးပါးရရှိဖို့ ဂရိတို့က ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
ဂရိဝန်ကြီးချုပ် Alexis Tsipras ၊ ဂျာမန် ဝန်ကြီးချုပ် Angela Merkel ၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ EU ဥက္ကဋ္ဌ Tusk တို့ ဆွေးနွေးပြီး ၂ ဘက် အပေးအယူလုပ်ထားတဲ့ သဘောတူညီချက်ရခဲ့ကြောင်း အမည်မဖော်တဲ့ အရာရှိကို ကိုးကားပြီး အစောပိုင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစောပိုင်းသတင်းတချို့မှာက ဒီငွေကြေးထောက်ကူအစီအစဉ်မှာ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ရှေ့လျှောက် ဘယ်လို ပါဝင် ပတ်သက်မလဲဆိုတာကိုတော့ သဘောတူညီမှုတခုမရခင်မှာ အရင်ညှိနှိုင်းရမယ်လို့ ပြောကြပါတယ်။
ဂရိအစိုးရက ဒေါ်လာသန်း ၅ သောင်း ၆ ထောင်ကိုလည်း နောက်ပိုင်းမှာ ပုဂ္ဂလိက ပိုင်လုပ်ငန်းတွေအဖြစ်ပြောင်းလဲပစ်လို့ အဆိုပြုချက်ကိုလည်း အရင် သဘောတူညီမှုယူရမယ်လို့ ဆိုပါတယ်။ အခု သဘောတူညီမှုရဲ့တစိတ်တပိုင်းအဖြစ်နဲ့ ငွေကြေးထောက်ကူအစီအစဉ်မှာ IMF က အပြည့်အဝ ပါဝင် ဆောင်ရွတ်မှာကို ဂရိအနေနဲ့ ဆက်ကန့်ကွက်လို့ မရတော့ပါဘူး။
ဂရိနိုင်ငံမှာ အကောက်ခွန်စနစ်နဲ့ ပင်စင်စနစ်တွေ ပြန်လည်ပြုပြင်ရေးလုပ်ဆောင်ဖို့ အချက်တွေပါဝင်တဲ့ ဒီသဘောတူညီချက်ကိုဂရိလွှတ်တော်က အတည်ပြုထောက်ခံဖို့ ဝန်ကြီးချုပ် Tsipras အခု ကြိုးပမ်းရပါတော့မယ်။ လွှတ်တော်ရဲ့ ထောက်ခံချက်ရပြီဆိုရင်တော့ သူတို့အတွက် ရန်ပုံငွေတွေကို ဥရောပ ၁၈ နိုင်ငံက လွှဲပြောင်းပေးဖို့ Mr. Tsipras ကြိုးစားရမှာ ဖြစ်ပါတယ်ရှင်။