သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ခြိုးခြံရေးအစီအစဉ် ဂရိ ပြည်သူ့ဆန္ဒခံယူ


ဂရိဝန်ကြီးချုပ် Alexis Tsipras ဥရောပငွေကြေးအကူအညီရဖို့ ခြိုးခြံချွေတာရေးအစီအစဉ်ကို ထောက်ခံ၊ ကန့်ကွက် လူထုဆန္ဒခံယူပွဲ မဲပေးနေစဉ်။ (ဇူလိုင် ၅၊ ၂၀၁၅)
ဂရိဝန်ကြီးချုပ် Alexis Tsipras ဥရောပငွေကြေးအကူအညီရဖို့ ခြိုးခြံချွေတာရေးအစီအစဉ်ကို ထောက်ခံ၊ ကန့်ကွက် လူထုဆန္ဒခံယူပွဲ မဲပေးနေစဉ်။ (ဇူလိုင် ၅၊ ၂၀၁၅)

ဂရိနိုင်ငံမှာ နိုင်ငံအတွက်အရေးပါတဲ့ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပဖို့ မဲရုံတွေကို ဒီနေ့တနင်္ဂနွေနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဂရိပြည်သူတွေအနေနဲ့ ဥရောပရဲ့ ငွေကြေးအကူအညီရဖို့ ခြိုးခြံချွေတာရေးအစီအစဉ်တွေကို ထောက်ခံမလား၊ ဒါမှမဟုတ် ဥရောပငွေကြေးသုံးစွဲတဲ့ Eurozone ကနေထုတ်ပယ်ခံရနိုင်တဲ့ စွန့်စားမှုကိုရင်ဆိုင်ပြီး ဥရောပသမ္မဂ္ဂရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်မလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

တနင်္ဂနွေနေ့ဆန္ဒခံယူပွဲအတွက် ကောက်ယူတဲ့အကြိုစစ်တမ်းတွေအရ အပြတ်အသတ်ကွာခြားတဲ့ အခြေအနေမျိုးမရဘူးလို့ တွက်ဆကြပါတယ်။ ဝန်ကြီး ချုပ် Alexis Tsipras ကတော့အသုံးစရိတ်ဖြတ်တောက်ပြီး အခွန်တိုးကောက်မယ့် အချက်တွေပါတဲ့ ချွေတာရေးအစီအစဉ်ကို မဲဆန္ဒရှင်တွေလက်မခံကြဖို့ တိုက်တွန်းထားပါတယ်။ ကန့်ကွက်မဲကသာ ဂရိနိုင်ငံကို ဥရောပသမ္မဂ္ဂအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ညှိနှိုင်းရာမှာ ပိုကောင်းတဲ့ အနေအထားကို ပေးနိုင်လိမ့်မယ်လို့ ဝန်ကြီး ချုပ် Tsipras ကပြောပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ ပြည်သူလူထုဆန္ဒကို ဘယ်သူကမှ လျစ်လျှူမရှုနိုင်ဘူးလို့ တနင်္ဂနွေနေ့ ဆန္ဒမဲပေးပွဲကို မဲထည့်အပြီး ဂရိဝန်ကြီးချုပ်ကပြောပါတယ်။ အစောပိုင်းက ဥရောပသမ္မဂ္ဂတောင်းဆိုချက်တွေကြောင့် အလုပ်အကိုင်တွေရော လူမှုအဆင့်အတန်းတွေကိုပါ ထိခိုက်ခဲ့တဲ့ ဒဏ်ကို သူတို့ခံစားခဲ့ရတယ်လို့ ဂရိ ပြည်သူအများစုနဲ့ ဝန်ကြီးချုပ် Tsipras တို့က ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

ဂရိပြည်သူတွေမဲပေးရာမှာ ခြောက်လှန့်ပြီး ဥရောပသမ္မဂ္ဂက အကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂရိဘဏ္ဍာရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ချွေတာရေးအစီအစဉ်ကိုထောက်ခံသူတွေကတော့ ဥရောပသမ္မဂ္ဂရဲ့လက်ထဲမှာ အနာဂတ်ရှိနေပြီး ဂရိနိုင်ငံအတွက် ရွေးစရာလမ်းမရှိဘူးလို့ ရှုမြင်ကြပါတယ်။ Eurozone ကအထုတ်ခံရရင် ဂရိအနေနဲ့ အရင်ကသုံးခဲ့တဲ့ ငွေကြေးစနစ်ကို ပြန်သုံးရမှာဖြစ်ပြီး အဲဒီ ဂရိငွေကြေးကို တခြားနိုင်ငံတွေက လက်ခံသုံးစွဲဖို့ ငြင်းပယ်နိုင်ခြေရှိပါတယ်။

မဲဆန္ဒခံယူပွဲမလုပ်ခင်သီတင်းပတ်ထဲမှာ ဂရိနိုင်ငံမှာ ATM ငွေထုတ်စက်တွေငွေပြတ်ပြီး ငွေထုတ်သူတွေအကန့်အသတ်နဲ့ ထုတ်ရတဲ့အပြင် ဈေးတွေမှာလည်း အခြေခံစားကုန်တွေ ပြတ်လပ်ခဲ့ပါတယ်။ ကုန်သိုလှောင်သူတွေကလည်း ကုန်ဖိုးငွေချေနိုင်ဖို့မသေချာလို့ နောက်ထပ် ကုန်မလှောင်ရဲတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဥရောပ ဘဏ္ဍာရေးဝန်ကြီးတွေက ဂရိစီးပွားရေးအကြပ်အတည်းကိုကူညီဖို့ ငြင်းဆန်ခဲ့လို့ဂရိနိုင်ငံက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMFကို ဒေါ်လာ ၁.၈ ဘီလီယံ ပြန်မဆပ်နိုင်ပဲကြွေးတင်ခဲ့ပါတယ်။

ဂရိနိုင်ငံကမြီရှင်တွေရဲ့ကျွန်သဖွယ် အနစ်နာခံစရာတွေအားလုံး ခံစားခဲ့ရတယ်လို့ ပြောဆိုနေတဲ့တချိန်တည်းမှာ ဂရိအနေနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဥရောပသမ္မဂ္ဂက စွပ်စွဲချက်တင်ခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG