ပတ်ဝန်းကျင်ထိန်းသိမ်းရေး နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Greepeace က ဗြိတိန်နိုင်ငံသား ၅ ဦးနဲ့ ကနေဒါနိုင်ငံသားတဦး တက်ကြွလှုပ်ရှားသူ ၆ ဦးကို ဆူပူရမ်းကားမှုနဲ့ ဖမ်းဆီးခံထားရာက ရုရှားနိုင်ငံက လွတ်ငြိမ်း ပေးလိုက်ပါတယ်။ စက်တင်ဘာလထဲမှာတုန်းက အာတိတ်ပင်လယ်ပြင်က ရုရှားရေနံတူးဖော်ရေး လုပ်ငန်းကို ကန့်ကွက် ဆန္ဒပြရာက ၂ လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတဲ့ Greenpeace အဖွဲ့ဝင်တွေကတော့ ဒီကနေ့ပဲ ရုရှားနိုင်ငံက ထွက်ခွာခဲ့ကြတာပါ။
ပြန်လည်လွတ်မြောက်အောင် ကမ္ဘာတ၀ှမ်းက ၀ိုင်းဝန်းကြိုးပမ်းခဲ့တဲ့ အပေါ်မှာလည်း တက်ကြွလှုပ်ရှားသူတွေ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့က ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသူပေါင်း ၃၀ ထဲက ပထမအသုတ်အဖြစ် မနေ့ကစပြီး ရုရှားအစိုးရက ပြန်လွှတ်ပေးခဲ့တာပါ။
ကျန်နေသေးတဲ့ ဖမ်းဆီးခံထားရသူတွေကိုတော့ St Petersburg မြို့ကနေ မကြာခင်ရက်တွေအတွင်း ပြန်လွှတ်ပေးဖို့ စီစဉ်ထားပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ အပြင်းအထန် ကြုံခဲ့ရပြီး နောက်မှာပဲ ရုရှားအစိုးရက Greepeace အဖွဲ့ဝင်တွေအပေါ် စွဲဆိုထားတဲ့ အမှုတွေကို ပလပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။