သုံးရလွယ်ကူစေသည့် Link များ

ကချင်အရေး စုံစမ်းစစ်ဆေးဖို့ အဖွဲ့ ၅၀ ကျော် တိုက်တွန်း


ကချင်လွတ်မြောက်ရေးတပ်မတော် KIO

ကချင်လွတ်မြောက်ရေးတပ် စစ်သင်တန်းကျောင်းပေါ် စစ်တပ်ဘက်က လက်နက်ကြီးကျလို့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဗိုလ်လောင်း (၂၃) ဦး သေဆုံးခဲ့ရတဲ့အမှု ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း စစ်ဆေးဖို့ နိုင်ငံရေးအင်အားစု ငါးဆယ်ကျော်က တောင်းဆိုလိုက်ကြပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာစစ်တပ်ဘက်က တိုင်းရင်းဒေသတွေမှာ ထိုးစစ်၊ တိုက်စစ်တွေ ဆင်နေတာ၊ စစ်အင်အားတိုးချနေတာ ချက်ခြင်းရပ်ပစ်ဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေး တိုက်တွန်းထားတဲ့ ပူးတွဲ သဘောထား ကြေညာချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုံစမ်းတင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်စစ်သင်တန်းကျောင်းပေါ် မြန်မာတပ်ဘက်က လက်နက်ကြီးကျပြီး ဗိုလ်လောင်း(၂၃) ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ် တိုက်ခတ်မှုကစလို့ နိုင်ဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်တွေမှာလည်း မြန်မာအစိုးရတပ်ဘက်က လိုင်ဇာနဲ့ မိုင်ဂျာယန်တလျောက် လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် တလျောက်မှာ ရှိတဲ့ ဒုက္ခသည်စခန်းက ကချင်စစ်ပြေးဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်ဖြစ်ပါတယ်။

အခုလိုမျိုး ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် စိုးရိမ်မကင်းဖြစ်နေတဲ့ ဒီမိုကရေစီအင်အားစု (၅၄) ဖွဲ့က တပ်မတော်အနေနဲ့ တိုင်းရင်းဒေသတွေမှာ ထိုးစစ်၊ တိုက်စစ်ဆင်နေတာတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။ ပြီးတော့ အခုလို တကျော့ပြန် တိုက်ပွဲတွေပြန်ဖြစ်လာစေတဲ့ KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ဖြစ်စဉ်မှန်ကို တိုင်းပြည်ကိုထုတ်ပြန်ကြေညာဖို့ အခုလို နိုင်ငံရေးအင်အားစု (၅၄) ဖွဲ့ သဘောထားတွေရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ရန်ကုန်) က ဦးထွန်းဝင်းငြိမ်းက ပြောပြပါတယ်။

“တပ်ထဲမှာ သာမန်မတော်တဆ ကျည်ထွက်ရင်တောင်မှ အရေးယူရတာပါ။ အဲဒီလို အခြေအနေမျိုးမှာ ဒီကိစ္စနဲ့ပတ်သက်လို့ လွတ်လပ်တဲ့အဖွဲ့အစည်း တခုကနေ ဖြစ်ရပ်အမှန်ကို ဖော်ထုတ်မယ်ဆိုလို့ရှိရင် ဒီနေ့ ငြိမ်းချမ်းရေးကိစ္စမှာ တာဝန်ယူထားတဲ့ တပ်မတော်အနေနဲ့ရော အစိုးရအနေနဲ့ရော ပိုပြီးတော့ ဂုဏ်သိက္ခာရှိမယ်လို့ ကျနော်တို့မြင်တယ်လေ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က ရှေ့ဆက်သွားဖို့ ဒီလို စစ်ရေးအရ အကြပ်ကိုင် ဖိအားပေးတာမျိုး မဟုတ်ဘူးဆိုလို့ရှိရင်တော့ ဒီလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပြီးတော့ စစ်ဆေးတာ လက်ခံနိုင်မယ်လို့ ကျနော်တို့ မြင်တယ်လေ။”

ဒါ့အပြင် အထွေထွေနိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းတွေ ပြေလည်နိုင်ရေးနဲ့ တပြည်လုံးအပစ်ရပ်ရေး ကြိုးစားနေကြချိန်ဖြစ်တဲ့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအပါအဝင် ဒီမိုကရေစီ ပါတီနိုင်ငံရေးအင်အားစုတွေ၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှုဖြစ်မြောက်အောင် အကောင်အထည်ဖော်ပြီးတော့ နိုင်ငံတွင်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်စေချင်ပါတယ်လို့ ဆော်သြ တိုက်တွန်းထားတဲ့အကြောင်း ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

“ဗမာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက သူ သက်ရှိထင်ရှား ရှိစဉ်ကတည်းက ဒီပြည်တွင်းစစ်ကြီးကို ရပ်စဲဖို့ဟာအတွက် သူမနာ၊ ကိုယ်မနာတဲ့နည်းနဲ့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းကို ဆရာကြီးက တိုက်တွန်းခဲ့တာပါ။ အဲဒီလို နိုင်ငံရေးအရ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တန်းတူရေးကို အခြေခံပြီးတော့ ဖိအားပေး အကျပ်ကိုင် ခြိမ်းခြောက်တဲ့ နည်းတွေကို ရှောင်ရှားပြီးတော့ အပြန်အလှန် အသိအမှတ်ပြုမှုတွေနဲ့ ဆရာကြီးက တန်းတူရေးကို အခြေခံပြီးတော့ သူမနာ ကိုယ်မနာနည်းနဲ့ နိုင်ငံရေးအရ အဖြေရှာဖို့ပါ။ ဒီနေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာ ဆွေးနွေးပွဲ စကားဝိုင်းအဆင့်ကို ရောက်လာပါပြီ။ အဲဒီမှာ အမြစ်ပြတ်ချေမှုန်းမှုနဲ့ ဖိအားပေးအကျပ်ကိုင်တာတွေ မပါဝင်ဘူးဆိုလို့ရှိရင်တော့ ဗမာပြည်ငြိမ်းချမ်းရေးဟာ စစ်စစ်မှန်မှန် ဖြစ်ထွန်းလာမယ်လို့တော့ ကျနော်တို့ မြင်ပါတယ်။ ”

လာမယ့်ဒီဇင်ဘာလ (၄) ရက်နေ့မှာလည်း ရန်ကုန်မှာ ဒီမိုကရေစီအင်အားစု (၅၄) ဖွဲ့ ပူးပေါင်းထားတဲ့ နိုင်ငံရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သဘောထားထုတ်ပြန်ကြေညာတဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။

ဒီပူးတွဲသဘောထားထုတ်ပြန်ချက်ကို ပါဝင်တဲ့ နိုင်ငံရေးအင်အားစုတွေကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက် (ရန်ကုန်-မန္တလေးစတဲ့ ခရိုင်အသီးသီး)၊ ၂၀၀၇ ရွှေဝါရောင်သံဃာတော်များကွန်ရက်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့၊ ရှမ်း၊ ကယန်း၊ ကရင်နီ၊ ကယား၊ ကရင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ADSDF ကျောင်းသားဟောင်းများ၊ တောင်သူ လယ်သမားသမဂ္ဂ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစုများ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဗကသများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက် စတဲ့ နိုင်ငံရေး၊ လူမှုရေး၊ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသားအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့ပေါင်း (၅၄) ဖွဲ့ရဲ့သဘောထားကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အများပြည်သူသိရှိနိုင်ဖို့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG