သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ထိန်းချုပ်ရေးမူကြမ်းသစ် အမေရိကန် အထက်လွှတ်တော်တင်သွင်း


အမေရိကန်ပြည်ထောင်စုအတွင်း သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်မယ့် အဆိုပြုချက် ၄ ခုကို အထက်လွှတ်တော်က တနင်္လာနေ့က ဟန့်တားလိုက်တဲ့အတွက် လွှတ်တော်အနေနဲ့ တစုံတရာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတဲ့အပေါ် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီ ၂ ရပ်စလုံးကို အမျက်ဒေါသ ထွက်စေခဲ့ပြီး နောက်တနေ့မှာပဲ အဆိုပြုချက် အသစ်တရပ် ထွက်ပေါ်လာပါတယ်။

အမေရိကန်နိုင်ငံအတွင်း အကြမ်းဖက်သမားလို့ မသင်္ကာရသူတွေ စာရင်းထဲမှာ ပါနေတဲ့အတွက် လေယာဉ်စီးခွင့် မရှိသူတွေနဲ့ အမေရိကန်လေဆိပ်တွေမှာ လုံခြုံရေး ပိုစစ်ဆေးခံရမယ့် သူတွေကို သေနတ်ရောင်းချခွင့် ပိတ်ပင်မယ့် အဆိုပြုချက်အသစ်ကို အထက်လွှတ်တော်မှာ အလယ်အလတ် လမ်းစဉ်လိုက်တဲ့ အမတ်တချို့ အပါအဝင် နိုင်ငံရေးပါတီ ၂ ရပ်စလုံး ပါဝင်တဲ့ အုပ်စုက အင်္ဂါနေ့က အဆိုပြုချက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီအဆိုပြုချက်မှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စုံစမ်းစစ်ဆေးခံရသူတွေ အနေနဲ့ အစိုးရရဲ့ တွေ့ရှိချက်တွေကို မကျေနပ်ရင် ကန့်ကွက်ပိုင်ခွင့်ရှိကြပြီး အကယ်၍ ဒီစာရင်းထဲမှာ မှားယွင်းပြီး ထည့်သွင်းခံခဲ့ရတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ရင် တရားရုံးစရိတ်ကို အစိုးရထံက ပြန်လည် တောင်းခံခွင့်ရှိမှာ ဖြစ်ပါတယ်။

တနင်္လာနေ့က ရီပတ်ဘလီကန်ဘက်က တင်သွင်းလာတဲ့ အဆိုပြုချက် ၂ ခုကို ဒီမိုကရက်ဘက်က ပယ်ချလိုက်ပြီး၊ ဒီမိုကရက်ဘက်က တင်သွင်းတဲ့ အဆိုပြုချက် ၂ ခုကိုလည်း ရီပတ်ဘလီကန်တို့က ပယ်ချလိုက်ပြီးတဲ့နောက် နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာပဲ ဒီအဆိုပြုချက်အသစ်ကို ပူးတွဲ အဆိုပြုခဲ့ကြတဲ့ ရီပတ်ဘလီကန်လွှတ်တော်အမတ် ၄ ဦး၊ ဒီမိုကရက်လွှတ်တော်အမတ် ၄ ဦးနဲ့ တသီးပုဂ္ဂလ အမတ် ၁ ဦး ၊ ပေါင်း ၉ ဦးတို့ဟာ သတင်းစာရှင်းလင်းပွဲကို အတူ ပူးတွဲ ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG