သုံးရလွယ်ကူစေသည့် Link များ

အိန္ဒိယ လေတပ် အခြေစိုက် စခန်း တိုက်ခိုက်ခံရ


လေတပ် အခြေစိုက် စခန်း တိုက်ခိုက်ခံရလို့ အိန္ဒိယ စစ်တပ် လုံခြုံရေး တင်းကျပ်စွာ နေရာယူထား။ (ဇန်နဝါရီလ ၂၊ ၂၀၁၆)

ပါကစ္စတန် နယ်စပ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် က လေတပ် အခြေစိုက် စခန်း တခုမှာ တနေ့လုံးကြာတဲ့ တိုက်ခိုက်မှု အတွင်း သေနတ်သမား ၄ ဦးနဲ့ အစောင့် တပ်သား ၂ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေကပြောပါတယ်။ Pathankot လေတပ်စခန်း ကို စနေနေ့ မနက်အစောပိုင်းမှာ သေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီ အတော်ကြာအောင် သေနတ် သံတွေကြားနေခဲ့ရတာပါ။

တိုက်ခိုက်ရေးသမားတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ အိန္ဒိယ အရာရှိတွေကပြောပါတယ်။ သူတို့တွေဟာ အိန္ဒိယနိုင်ငံအုပ်ချုပ်မှုအောက်က ကက်ရှမီးယားဒေသကို ခွဲထွက်လိုတဲ့ ပါကစ္စတန်နိုင်ငံအခြေစိုက် Jaish-e-Mohammad (မိုဟာမက်ရဲ့တပ်မတော်) လို့ခေါ်တဲ့ စစ်သွေးကြွအုပ်စုကဖြစ်မယ် ဆိုပြီး အိန္ဒိယ လုံခြုံရေးအရာရှိအချို့က ပြောပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသာမက အိန္ဒိယရဲ့  အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ငြိမ်းချမ်းရေး ကိုသာ လိုလားကြောင်း၊ ဒါပေမယ့် အိန္ဒိယကို အကြမ်းဖက် တိုက်ခိုက် လာရင် အလားတူ တန်ပြန် တုန့်ပြန်သွားမယ်လို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး Rajnath Singh က ရုပ်မြင်သံကြားမိန့်ခွန်းမှာ စကားလုံးတွေကို သတိထား သုံးနှုံးပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပန်ဂျပ်ပြည်နယ်တွင်း တိုက်ခိုက်မှုတခုအတွင်း ရဲအရာရှိတွေ အပါအ၀င် လူ ၇ ယောက်ထက် မနည်းသေဆုံးခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံထဲနေ သတင်းအချက်အလက်တွေ ရခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဆိုပြီး အိန္ဒိယဘက်က ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

ဆယ်စုနှစ်တခုကျော် ကာလအတွင်း အိန္ဒိယ ၀န်ကြီးချုပ် Narendra Mondi က ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif နဲ့ ကြိုတင်ကြေညာခြင်းမရှိဘဲ သမိုင်းဝင် ခရီးစဉ်အဖြစ် သွားရောက်တွေ့ဆုံပြီး တပတ်အကြာမှာ ဒီလို တိုက်ခိုက်မှုဖြစ် သွားခဲ့တာပါ။ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုကို နျူ ကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံနှစ်ခုကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာတဲ့ ပြရုပ် အဖြစ် ရှုမြင်မှုတွေလည်းရှိနေပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG