သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသန်စွမ်းသူများ ဆောင်းရာသီအားကစားပွဲတော် ဒေါ်စုတက်ရောက်


တောင်ကိုရီးယားနိုင်ငံက မသန်စွမ်းသူများရဲ့ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။
တောင်ကိုရီးယားနိုင်ငံက မသန်စွမ်းသူများရဲ့ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့- တနင်္လာနေ့က လက်ရှိ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်နဲ့သာမက မကြာခင် သမ္မတသစ် ဖြစ် လာတော့မယ့် ရွေးကောက် တင်မြှောက်ခံထားရသူ မစ္စ် ဘက်ဂွန်ဟဲ တို့နဲ့ တွေ့ဆုံခဲ့ သလို နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် တောင်ကိုရီးယား နိုင်ငံမှာကျင်းပတဲ့ မသန်စွမ်းသူများရဲ့ အထူး ဆောင်းရာသီအိုလံပစ် အားကစားဖွင့်ပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့ပြီးတော့ အားကစားသမားတွေကို ချီးကူးစကား ပြောဆိုခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက အားကစားရုံမှာ ပြုလုပ်တဲ့ မသန်စွမ်းသူများရဲ့ အားကစား ပြိုင်ပွဲဟာ လူသားတို့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ သွေးစည်းညီညွတ်မှု စွမ်းပကားကို ပြသနေတယ်လို့ အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ဒီကနေ့ ကျမတို့ရဲ့ ဆင်နွှဲမှုဟာ လူသားတို့ရဲ့ စိတ်ဓာတ်ခွန်အား ထူးချွန်မှုကို ဂုဏ်ပြုတာ တင် မဟုတ်ပါဘူး၊ လူသားတို့ရဲ့ သွေးစည်းညီညွတ်မှု စွမ်းပကားကိုလည်း ဂုဏ်ပြုလိုက် တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အားလုံးအတူတူ ပါဝင်မယ်ဆိုရင် ဘာမဆို တတ်နိုင်ပါ တယ် ဆိုတဲ့ ဆောင်ပုဒ် ကမ္ဘာ တဝှမ်းမှာ ပဲ့တင်ထပ်နေတာ ဖြစ်သလို သဘာဝကြီး ကြောင့် မဟုတ်ဘဲ လူ့အဖွဲ့အစည်းကြောင့် ဖြစ်လာတဲ့ အားနည်းသူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေ ဘက်ကနေ ကျမတို့အားလုံး အတူတကွ ရပ်တည် လာအောင်လည်း စွမ်းဆောင်ပေး တာ ဖြစ်ပါတယ်။ သဘာဝကတော့ လူတွေကို အားနည်းစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဖန်တီး ခဲ့ပါဘူး။ လူ့အဖွဲ့အစည်းကသာ လူတွေရဲ့အားသာချက်ကို မကြည့်ဘဲ အားနည်းချက်တွေ ကိုသာ ထောက်ပြီး ဒီလူတွေက အားနည်းသူတွေ ဖြစ်တယ်ဆိုပြီး သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။”

ဉာဏ်ရည်ချို့တဲ့ မသန်စွမ်းသူ အားကစားသမားပေါင်း ၃ ထောင်က နှင်းလျှောစီးတာနဲ့ စကိတ်စီးတာ အပါအဝင် ဆောင်းရာသီ အားကစားနည်း ၇ မျိုးနဲ့ ပါဝင်ယှဉ်ပြိုင် ကစားကြမယ့် ဒီအားကစားပြိုင်ပွဲကြီး ရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အားကစားသမားတွေကို အားပေးစကား ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက် တထောင့်တနေရာကနေ ပါဝင် အကျိုးပြုနိုင်တဲ့ နိုင်ငံတခုအဖြစ် မြင်ချင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားမှာ ပြောသွားပါတယ်။

“ကျမရဲ့ အိပ်မက်ကတော့ သိပ်ကို ရိုးရှင်းပါတယ်။ ကမ္ဘာကြီးကို ပိုပြီးတော့ကောင်းတဲ့ နေရာ တခု ဖြစ်အောင် အပြောင်းအလဲတွေ လုပ်နေကြတဲ့နေရာမှာ ကျမရဲ့နိုင်ငံအနေနဲ့ တထောင့် တနေရာကနေ ပါဝင်စွမ်းဆောင်ပေးနိုင်တဲ့ နိုင်ငံမျိုး ဖြစ်စေချင်တာပါပဲ။ ကျမတို့နိုင်ငံ က ပြည်သူတွေ အနေနဲ့ ကမ္ဘာကြီး အတွက် တခုခု လုပ်ပေးနိုင်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အခွင့်အလမ်းမျိုး မြန်မာပြည်သူတွေကို ကျမ ရစေချင်ပါတယ်။ ဒါကတော့ သိပ်ကို ရိုးစင်းတဲ့ ကျမဖြစ်ချင်တဲ့ အိပ်မက်ပါ။”

ဒါကတော့ မနေ့က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာတဝှမ်း မသန်စွမ်းသူများ ရဲ့ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည် ပြောကြားသွားခဲ့တာပါ။ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေလုပ်ဖို့ ရှိတယ် ဆိုတာကိုတော့ တောင်ကိုရီးယားနိုင်ငံ မှာရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီငြိမ်းက ခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ဆယ်ကြိမ်မြောက် ကမ္ဘာပေါ်က မသန်မစွမ်း သူများရဲ့ အထူး အိုလံပစ်ပွဲတော်မှာ အဖွင့်မိန့်ခွန်းစကား ပြောကြားခဲ့ပြီးတော့ အခု ဒီပွဲတော်နဲ့ဆက်စပ်ပြီး ကျင်းပတဲ့ ဒီကနေ့မနက်မှာ ကမ္ဘာပေါ်က မသန်မစွမ်း ပုဂ္ဂိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံမှာ အဓိက ဟောပြော ဆွေးနွေးသူအဖြစ်နဲ့ မကြာခင် နာရီပိုင်းအတွင်းမှာ သူဟာ ဒီအခမ်း အနားကို ရောက်လာ တော့မှာ ဖြစ်တယ်။

အဲဒီအတွက်ကြောင့် ကျနော်တို့ အဲဒီအခမ်းအနားကို သွားနေကြပါတယ်။ ကမ္ဘာပေါ်မှာ မသန်မစွမ်း ပုဂ္ဂိုလ်တွေထဲမှာမှ သန်းပေါင်း ၂၀၀ ကျော်ဟာ နယ်ပယ်အသီးသီးမှာ ကိုယ့် တာဝန်ကိုယ် အသီးသီး ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ သူတို့ အကြီးမားဆုံး ရင်ဆိုင်နေရတာကတော့ သူတို့တွေကို မသန်မစွမ်းသူတွေ ဆိုပြီးတော့ လူ့အဖွဲ့အစည်းက ဘေးဖယ်ထားတဲ့ အနေအထားမျိုးပါ။ အဲဒါကို ပပျောက်ဖို့အတွက် ကမ္ဘာကြီးက ဒါကို သိရှိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ အိုလံပစ်ပွဲတော်ကို ဒေါ်အောင် ဆန်းစုကြည်ကို ဖိတ်ကြားပြီးတော့ ဒီလိုမျိုး အဖွင့်မိန့်ခွန်းပြောကြားတာရော၊ အခု ဒီ ကျင်းပမယ့် ညီလာခံမှာ ဟောပြောဖို့ရော ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီပွဲမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၁၀ ကနေပြီးတော့ မသန်မစွမ်း အားကစားသမားပေါင်း ၂၃၀၀ ကျော် လာရောက် ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီပွဲနဲ့ ဆက်စပ်ပြီးတော့ ခုနကပြောတဲ့ မသန်မစွမ်းပုဂ္ဂိုလ်တွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ၊ နောက်တခါ ကမ္ဘာလုံးဆိုင်ရာ လူငယ်ညီလာခံ၊ နောက်တခါ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးညီလာခံ၊ အဲဒီသုံးခုကိုလည်း ဒီ ဖျောင်ချန်းမြို့လေးမှာပဲ တွဲပြီး ကျင်းပမှာဖြစ်တဲ့အတွက် ဒီညီလာခံသုံးခုစလုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ သွားနေတာပါ။”

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ မနေ့က မနက်ပိုင်းက တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပိုပြီးကောင်း လာအောင် ဆောင်ရွက်တဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကူညီချင်တဲ့အကြောင်း သမ္မတအီမြောင်ဘက်က ပြောဆိုခဲ့တယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။ မြန် မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ တချိန် တည်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်း တပြိုင်တည်း လုပ်ဆောင်သွားရမှာ ဖြစ်တဲ့ အကြောင်း မစ္စတာ အီမြောက်ဘတ် က ဒေါ်အောင်ဆန်းစုကြည် ကို ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လည်း မြန်မာနိုင်ငံသားတွေအတွက် တောင် ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီးတော့ ရရှိစေဖို့နဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ အကျိုးပြုနိုင်တဲ့ အလုပ်ခွင် သင်တန်းမျိုးတွေမှာ မြန်မာနိုင်ငံသားတွေ တက်ရောက် သင်ကြားခွင့်တွေ ရဖို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံ ကနေ လာရောက် အလုပ်လုပ်ကိုင်သူ ၇ ထောင်နီးပါး ရှိတယ်လို့လည်း သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။

ရှေ့လထဲ ကျမ်းသစ္စာကျိန်ဆိုမယ့် ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ သမ္မတ သစ်ဖြစ် လာမယ့်သူ မစ်္စ ဘက်ဂွန်ဟဲနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် မနေ့က တွေ့ ဆုံခဲ့သလို နှစ်နိုင်ငံ ချစ်ကြည်ရေး အခုထက်ပိုပြီး ကောင်းအောင် တည်ဆောက်သွားဖို့ ကိစ္စတွေကို ပြောဆိုခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားဖို့ရှိသလို ကြာသပတေးနေ့မှာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂွမ်ဂျူးမြို့က ပေးအပ်တဲ့ Gwangju လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်က ဂွမ်ဂျူးမြို့မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု အမှတ်တရ ဂုဏ်ပြု ချီးမြင့်တဲ့ ဒီ လူ့အခွင့်အရေးဆုကို ၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေချိန်မှာ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ဆုပေးပွဲပြီးရင်တော့ အဲဒီနောက် မြန်မာပရိသတ်တွေအကြား လူကြိုက်များ ရေပန်းစားနေတဲ့ တောင်ကိုရီးယား တီဗွီမင်းသား Ahn Jae-wook နဲ့လည်း ညစာ အတူစားဖို့ ရှိပြီး သောကြာနေ့ မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG