သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H&M အထည်သွင်း တရုတ်စက်ရုံနဲ့ မြန်မာလုပ်သားတွေကြား ၁ လကြာပြသနာ မပြေလည်သေး


ရန်ကုန် လှိုင်သာယာက ဆွီဒင် ဖက်ရှင်ကုမ္ပဏီ H&M (Hennes & Mauritz) အတွက် အဝတ်အထည်တွေ ချုပ်ပေးနေတဲ့ တရုတ်ပိုင် Hangzhou Baiyi စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဟာ အခုထိ ပြေလည်မှု မရသေးဘဲ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်အောင် လုပ်ပေးဖို့နဲ့ အလုပ်သမားခံစားခွင့်တွေအတွက် အလုပ်သမားတွေဘက်က ဆက်လက် တောင်းဆိုနေပါတယ်။ အပြည့်အစုံကို Reuters သတင်းတပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ပြေလည်မှု မရှိတဲ့ လှိုင်သာယာက ဟန်ကျိုး ပိုင်ရီ အထည်ချုပ် စက်ရုံမှာ ဇန်နဝါရီလကုန်က အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသက်ပိုင်ဦးကို ခွင့်ပြုချက်မရဘဲ ခွင့်ယူခဲ့မှုနဲ့ အလုပ်ကထုတ်ပစ်ခဲ့တဲ့နောက်မှာ အခြေနေဟာ ပိုပြီး တင်းမာလာခဲ့တာပါ။

ဆန္ဒပြရာမှာ အကြမ်းဖက်မှုတွေပါ ပါလာတဲ့အတွက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာပဲ စက်ရုံကို ပိတ်ထားခဲ့ရပြီး ဖေဖော်ဝါရီ လကုန်လောက်မှာ တော့ ဆန္ဒပြ အလုပ်သမား ၂၀၀ ကျော်က အထည်ချုုပ်စက်ရုံရဲ့ ပြုတင်းပေါက်တွေ တံခါးတွေကို ရိုက်ချိုး ဖျက်ဆီး ဝင်ရောက်ပြီး ကွန်ပြူတာတွေနဲ့ စောင့်ကြည့်ကင်မရာတွေ အပါအဝင် စက်ပစ္စည်းတချို့ကို ဖျက်ဆီးခဲ့တဲ့ အပြင် တရုတ်အလုပ်သမား ၇ ယောက်ကိုပါ နာရီအတော်ကြာ ဖမ်းဆီးထားခဲ့တာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေ ကြားဝင်ညှိနှိုင်းခဲ့တဲ့ နောက်မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး အခုလို ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူပေးဖို့ မြန်မာအာဏာပိုင်တွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တောင်းဆိုခဲ့တာတွေနဲ့ အခြေအနေဟာ အခုအချိန်အထိ တင်းမာနေဆဲ ပါတယ်။

ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံဟာ ဆွီဒင်က H&M (Hennes & Mauritz) ဖက်ရှင်ကုမ္ပဏီကို ချုပ်ပြီးသား အဝတ်ထည်တွေ တင်ပို့နေတဲ့ မြန်မာနိုင်ငံတွင်း ကုမ္ပဏီ ၄၀ ထဲက တခု ဖြစ်ပါတယ်။

ကမ္ဘာ့ဦးဆောင် ဖက်ရှင်ကုမ္ပဏီတခုဖြစ်တဲ့ H&M ဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် အလုပ်တွေကို တိုးချဲ့လုပ်ကိုင်နေကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ ကြေညာခဲ့တာဖြစ်ပြီး မြန်မာပြည်ဖြစ် သူတို့ကုမ္ပဏီထုတ် ပစ္စည်းတွေဟာ လုပ်ငန်းခွင် အခြေအနေ တိုးတက် ကောင်းမွန်တဲ့ အနေထားအောက်မှ ထုတ်လုပ်တဲ့ ပစ္စည်းမျိုးဖြစ်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရကြောင်း ရေးသားထားတာပါ။

အခု ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က စပြီး ပိတ်ထားရတဲ့ မြန်မာနိုင်ငံက ဒီစက်ရုံနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်စိတ်ပူကြောင်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ သေသေချာချာ ဆွေးနွေးပြောဆိုနေကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုလို စက်ရုံပိတ်ထားရတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဈေးကွက်ကို သူ့ကုမ္ပဏီရဲ့ ဖြန့်ဖြူးနေမှုတွေ အတွက် ဘယ်လို ထိခိုက်မှု ရှိတယ် ဆိုတာကို တော့ ထုတ်မပြောပါဘူး။

စက်ရုံ အပြင်ဘက်က ကြော်ငြာသင်ပုန်းမှာတော့ အလုပ်သမား အားလုံး မတ်လ ၁၃ ရက် နေ့မှာ အလုပ်ပြန်ဝင်ရမှာ ဖြစ်သလို ၁၅ ရက်ကို နောက်ဆုံး သတ်မှတ်ရက် အဖြစ်ထားပြီး အဲဒီအချိန်အထိ အလုပ်ပြန်မဝင်သေးရင် အလုပ်တာဝန်က ရပ်စဲမှာ ဖြစ်သလို နစ်နာကြေး လုံးဝ မပေးဘူးလို့ ဖော်ပြထားပါတယ်။

ဒီအထည်ချုပ်စက်ရုံက ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ စိုးသက်ပိုင်ကတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသက်ပိုင်ဦးကို အလုပ်ဖြုတ်ခဲ့တာမို့ သူတို့ ဆန္ဒပြခဲ့တာ ဖြစ်ပြီး အခု အာဏာပိုင်တွေက သူ့ကို မူလလစာနဲ့ အလုပ်ပြန်ခန့်မယ့်အကြောင်း ပြောလာပြီလို့ ဆိုပါတယ်။

“မောင်သက်ပိုင်ဦးကို မူလနေရာ၊ မူလဌာန၊ မူလလစာအဖြစ်၊ မူလလူနေရာမှာပဲ မူလစက်ချုပ်တိုင်းပဲ ပြန်လည်ခန့်အပ်စေဆိုတဲ့ စာ ကျလာတယ်။ ကျနော်တို့ ထွက်လိုက်တာလည်း ကိုသက်ပိုင်ဦး ကိစ္စကြောင့်ပဲ အလုပ်သမားတွေ အပြင်ရောက်လာတာ။ အခု ကိုသက်ပိုင်ဦးကလည်း လုပ်ငန်းထဲကို ပြန်ရောက်ပြီ။ ခုံသမာဓိရုံးကလည်း ဆုံးဖြတ်ချက်ကျပြီဆိုတော့ ကျနော်တို့အတွက် ဘာမှ မရှိတော့ဘူး။ ပြန်ဝင်ရုံပဲရှိတယ်။ ဒီထက်ပြီး တိုက်ပွဲဝင်စရာလည်း မလိုတော့ဘူး။”

ဒီစက်ရုံ ပြဿနာအတွက် အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားရေးဆိုင်ရာ အရာရှိတွေနဲ့ စက်ရုံပိုင်ရှင် တို့ကြား ညှိနှိုင်းမှုတွေ လုပ်နေပေမယ့် အခုထိတော့ ပြေလည်မှု မရသေးဘူးလို့ အလုပ်သမား ရေးရာဌာနက အရာရှိတဦးဖြစ်တဲ့ ဦးခင်မောင်ဦးကပြောပါတယ်။

“သဘောတူညီချက်ကတော့ မရဘူး။ စက်ရုံထဲကို ပြန်ဝင်၊ ဆွေးနွေးတဲ့အပိုင်းက ဆွေးနွေးမယ်။ အလုပ်လုပ်ရင်းနဲ့ ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောပဲရှိပါတယ်။”

အလုပ်ရှင်ဘက်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို တကယ်တမ်း ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒ မတွေ့ရတဲ့အတွက် အလုပ်သမားတွေ ဘက်က နောက်ထပ်တောင်းဆိုမှုတွေ ရှိလာနိုင်တယ် လို့လည်း ဦးခင်မောင်ဦးက ထောက်ပြပါတယ်။

“အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ပြန်တော့ဖြစ်လာမှာပဲ။ ကြီးမယ်၊ သေးမယ်သာ မပြောနိုင်တာ။ တောင်းဆိုမှုက ပြန်ဖြစ်လာမှာပဲ။ ဘာကြောင့်လဲဆိုရင် ဟိုက စာချုပ်မှာပါတဲ့ အလုပ်ရှင်က လိုက်နိုင်မှာ မဟုတ်ဘူး။”

အလုပ်သမားတွေဘက်က သူတို့ရဲ့ လုပ်ငန်းလုပ်ဆောင်မှုကို စံနစ်တကျ ပြန်လှန် သုံးသပ်တာတွေ လုပ်ဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တိုးတက်နေတဲ့ အထည်ချုပ်လုပ်ငန်းမှာ လုပ်နေတဲ့ စက်ရုံ လုပ်သားက ၃ သောင်းကျော်ရှိပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားခဲ့တဲ့ နောက်မှာ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေ အပါအဝင် အနောက်နိုင်ငံတွေက ထင်ရှားတဲ့ H&M တို့ Gap တို့လို ကုမ္ပဏီတွေက လာရောက် လုပ်ကိုင်ဖို့ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက အထည်ချုပ် လုပ်သားတွေ တပါတ် ၆ ရက်လုပ်ပြီး အနိမ့်ဆုံးလစာ ဒေါ်လာ ၉၀ ကနေ ၁၅၀ လောက်အထိ ရနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ ၆၃ ဒေါ်လာ ဝန်းကျင် ရအောင် မနည်း ရုန်းကန်နေကြရ တယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က ပြောပါတယ်။

ဒီ တရုတ် အထည်ချုပ် စက်ရုံဟာ အလုပ်သမားတွေ အချိန်ပို အလုပ်ဆင်းထားတဲ့ လုပ်အားလခတွေကို မပေးခဲ့တဲ့အတွက် မနှစ်က အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ကိုသက်ပိုင်ဦး ဦးဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့တဲ့ နောက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာတော့ သူ့စက်ရုံက အလုပ်သမား ၅၇၀ အတွက် မြန်မာငွေ ကျပ်သန်းပေါင်း ၇၀ ကို နောက်ကျကျေးနဲ့ ပြန်ပေးခဲ့တယ်လို့ စက်ရုံက အတည်ပြုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန် စက်ရုံက အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပျက်စီးမှုဟာ ဒေါ်လာ ၇ သောင်းခွဲ ဘိုးလောက် ရှိတယ်လို့လည်း ပြောပါတယ်။ ဖျက်ဆီးခဲ့သူတွေကို အရေးယူပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ တာရှိပေမယ့် အခုထိတော့ အလုပ်သမား တယောက်မှ ဖမ်းဆီးတာ မခံရသေးပါဘူး။

အထည်ချုပ်စက်ရုံ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုလို ဆန္ဒပြမှုတွေကနေ အလုပ်သမားတွေအတွက် အလုပ်ခွင်လုံခြုံရေး ကင်းမဲ့နေတာကို ပြနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ စီးပွါးရေး တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ လုံခြုံမှုနဲ့ ရပိုင်ခွင့်သာ အရေးပါတာမဟုတ်ပဲ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ လုံခြုံစိတ်ချရမှု ရှိစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်အဖွဲ့အနေနဲ့ လူမှုရေးနဲ့ အလုပ်သမားရေး ဥပဒေဆိုင်ရာ ပြုပြင်မှုတွေ လုပ်ဖို့ လိုနေပြီဆိုတာ ပြသနေတယ်လို့ လည်း အကဲခတ်တွေက ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG