သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၅၉ ထက်မနည်းရှိပြီ


မြန်မာတနိုင်ငံလုံးမှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူဟာ ၅၉ ဦးထက် မနည်းရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုးကူးစက်ခံရရင် မူလရောဂါအခံရှိသူတွေအတွက် ပိုပြီး သတိထားသင့်တယ်လို့ ကျန်းမာရေးအရာရှိတွေက သတိပေးပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးက MJI အလုပ်သင် အိမ့်သန္တာထွန်း က သတင်းပေးပို့ထားပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ H1N1 ရောဂါပိုးကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင် ၁၇ ရက်နေ့ အထိ ၅၉ ဦး ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုန်ပြန် ထားပါတယ်။ H1N1 ရာသီတုပ်ကွေးပိုး ကူးစက်ခံရသူတွေကို ကျန်းမာရေးဌာနအနေနဲ့ စာရင်းပြု စောင့်ကြည့်နေပြီး၊ မူလ ရောဂါအခံရှိသူတွေအတွက်ပိုပြီးတော့ အသက်အန္တရာယ် စိုးရိမ် ရပါတယ်။ သေဆုံးသူအများစုဟာ မူလ နာတာရှည် ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြန်ကြားရေးတာဝန်ခံ ပါမောက္ခ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ စုစုပေါင်း ရာသီတုပ်ကွေးရောဂါ စုစုပေါင်းတွေ့ရှိတဲ့ နှုန်းက တွေ့ရှိတဲ့သူက ၂၉၉ ဦး ရှိတယ်ပေါ့နော် အဲ့ဒီ ၂၉၉ ဦးမှာ ၇၁၀ စမ်းတာဆိုရင် သေတာ ၅၉ ယောက် သေတယ်။ ၅၉ ယောက် သေတာမှာ ဆိုရင် အဲ့ဒါတွေ ခွဲခြားစိတ်ဖြာပြီးတော့ အစ်မတို့က သေချာလေ့လာလိုက်တဲ့အခါမှာ H1N1 ကြောင့် သေဆုံးတဲ့ သူက ၇ ယောက်ပဲရှိတယ်။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီရောဂါဟာ စိုးရိမ်ရတဲ့ ရောဂါမဟုတ်ပဲ သာမာန် ရာသီတုပ်ကွေးသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် နေ့စဉ်နဲ့အမျှ သေဆုံးသူဦးရေ တိုးလာနေပါတယ်။ ဒီရောဂါကြောင့် သေဆုံးသူ ၅၉ ဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ၄၆ ဦးအထိရှိနေပါတယ်။

“ ရန်ကုန်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် ရန်ကုန်တိုင်းရဲ့ လူဦးရေ ထူထပ်မှုအရ 1 kilometer square ကို ၇၁၆ ရှိတယ်။ ကျန်တဲ့တိုင်းနဲ့ပြည်မှာဆိုလို့ရှိရင် လူဦးရေက ၁၀၀ ဝန်းကျင် ၁၀၀ အောက်မှာပဲ ရှိတယ်။ လူဦးရေထူထပ်တယ် တစ်ယောက်နဲ့တစ်ယောက် ကူးလူးဆက်ဆံများတယ်။ များတဲ့အခါမှာဆိုလို့ရှိရင် ရောဂါကူးစက်တာ တစ်ယောက်နဲ့တစ်ယောက်ကူးစက်နိုင်မှုက ပိုများတယ်။ ဒါကြောင့် ရန်ကုန်တိုင်းမှာ ဖြစ်ပွားမှုက အများဆုံးဖြစ်တာ။”

သေဆုံးသူမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့ နာတာရှည်ရောဂါ အခံရှိသူများ ဖြစ်တာမို့ နာတာရှည်ရောဂါအခံရှိသူများ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ အထူးဂရုပြုနေထိုင်ဖို့ ဆရာဝန်ကြီးများက ပြောဆိုထားပါတယ်။

အအေးမိတုပ်ကွေး ဖြစ်လေ့ရှိတဲ့ ရာသီမျိုးမှာ နေထိုင်မကောင်းဖြစ်နေရင် လူအများရှိတဲ့နေရာ မသွားလာဘဲ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှူလမ်းကြောင်းကနေ တဆင့် ကူးတဲ့ ဒီရောဂါမျိုးက ချောင်းဆိုး၊ နှာချေရင် ရောဂါပိုးမပြန့်ပွားအောင် ပါးစပ် နှာခေါင်းတွေကို အုပ်ပေးဖို့ လက်ကိုမကြာခဏ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဒီရာသီတုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ မရှိပေမယ့် ၂၀၁၇ ခုနှစ်မှာ သေဆုံးသူ အယောက် ၄၀ နီးပါးရှိပြီး ယခုနှစ် ဒီဇူလိုင်လလယ်အထိ ၅၉ ဦးရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီးက အခုလိုဆက်ပြောပါတယ်။

“ တစ်ချို့တွေက ပြောကြတယ်ပေါ့နော် ၂၀၁၇ ခုနှစ် ရာသီတုပ်ကွေးရောဂါကြောင့် သေတာ ၃၈ ဦးရှိတယ်။ အခုက ၅၉ ယောက်ဆိုတော့ များနေပါလားဆိုပြီးတော့ အဲ့လိုမျိုး ထင်တတ်တာပေါ့နော်။ အဲ့လိုဆို ၂၀၁၇ ခုနှစ်မှာ ရာသီတုပ်ကွေးရောဂါပိုး စစ်ဆေးတဲ့သူ ၁၁၆၅ ယောက်ရှိတယ်။ တုပ်ကွေးရောဂါပိုး တွေ့ရှိသူက ၄၅၈ ဦးရှိတယ်။ အဲဒီ ၄၅၈ ဦးမှာ အခု ဖြစ်တဲ့ H1N1 pdm09 တွေ့သူတဲ့က ၄၀၆ ဦးရှိတယ်၊ အဲ့ဒီသေဆုံး ၃၈ ဦးက H1N1 pure ကြောင့် သေဆုံးတာ ၃၈ ဦးလို့ ထုတ်ပြန်ထားတာဖြစ်တယ်။”

လက်ရှိအားဖြင့်တော့ ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ H1N1 တုပ်ကွေးရောဂါ ကူးစက်မှုကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လူလူချင်းကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် နယ်စပ်အဝင်အထွက်တွေ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်းကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကျန်းမာရေးဦးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG