H1N1 အမျိုးအစား ၀က်တုပ်ကွေး ရောဂါဆိုးကြီး ပြန့်ပွားမှုတွေကို ရပ်တန့်နိုင်ခဲ့ပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင် ကြေညာခဲ့ပါတယ်။
လတ်တလော တုပ်ကွေးရောဂါ အဖြစ်များတဲ့ နိုင်ငံတွေက အချက်အလက်တွေကို အခြေခံပြီး ၀က်တုပ်ကွေး ရောဂါဆိုး ဖြစ်ပွားမှုကို တိုင်းတာ ပြောဆိုလေ့ ရှိကြတာဖြစ်ပြီး အခုဆိုရင် ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဟာ သာမန် ရာသီလိုက်ဖြစ်တဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားတဲ့ အဆင့်လောက်မှာပဲ ရှိတော့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် မာဂရက် ချန်း (Margaret Chan) က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း ၀က်တုပ်ကွေး ဖြစ်ပွားမှု တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင်တောင် ဖြစ်ရပ် ၃၀၀ ပဲ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ရှေ့လျှောက် ၀က်တုပ်ကွေး ရောဂါဟာ တခြား ရာသီလိုက် တုပ်ကွေးရောဂါတွေ ဖြစ်သလောက်ပဲ စိုးရိမ်စရာ ဖြစ်တော့မှာဖြစ်ပြီး အခုချိန်မှာ နယူးဇီလန်နဲ့ အိန္ဒိယနိုင်ငံ တချို့နေရာတွေမှာ ဖြစ်ပွားနေသလိုမျိုး ဒေသတွင်း ပျံ့နှံ့မှု အဆင့်ထက် ကျော်လွန်ပြီးတော့ မဖြစ်နိုင်ဘူးလို့လည်း မာဂရက် ချန်းက ပြောပါတယ်။
အခုလို အားရကျေနပ်စရာ ရှိပေမဲ့ လူငယ်တွေလို အဖြစ်အများဆုံး လူတွေကို ကာကွယ်ဆေး ထိုးတာတွေ ဆက်ပြီး လုပ်သွားဖို့တော့ လိုအပ်နေတုန်းပဲလို့လည်း သူက သတိပေး ပြောခဲ့ပါတယ်။
ဝက်တုပ်ကွေးရောဂါ စတင်ပြန့်ပွားခဲ့တဲ့ ၂၀၀၉ ခုနှစ် ဧပြီလကစလို့ နိုင်ငံပေါင်း ၂၁၄ နိုင်ငံမှာ လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။